နေပြည်တော်၊ သြဂုတ်(၂၃)

အတိုက်ခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းစရာမရှိဘူးလို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဩဂုတ် ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အနာဂတ်ကာလ စစ်ကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်ပေါက်ကျင့်သုံးနိုင်မလားဆိုတဲ့ မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေဆိုခဲ့တာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ နိုင်ငံတာဝန်မရယူခင်က မဲသမာမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ မီဒီယာတွေနဲ့ နိုင်ငံတကာရှေ့မှာ အထောက် အထား ပြည့်ပြည့်စုံစုံနဲ့ ရှင်းလင်းခဲ့ပြီး မဲစာရင်းတွေ ပြန်လည်စစ်ဆေးပေးဖို့ တွေ့ဆုံဆွေးနွေးဖို့အပါအဝင် လုပ်ဆောင်ရမယ့်လမ်းကြောင်းတွေအားလုံးကိုလည်း ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်သွားတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးစရာ မရှိသလို ဆွေးနွေးဖို့ဆိုရင် အကြမ်းဖက်မှုတွေရပ်တန်ဖို့နဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ကမ္ဘာသိအောင် ကြေညာဖို့လိုတယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ ပိတ်မိနေတဲ့အပေါ် အရှက်ပြေရာပြောဆိုမှုသာဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ခင်းကျင်းနေတာဟာ သိသာ ထင်ရှားနေတယ်လို့ သုံးသပ်ပါတယ်။

“အရင်တုန်းက သူတို့ပြောထားတဲ့ သဘောထားကို ပြန်ပြောင်းပြောပြတာပါ၊ အရင်အတိုင်းပဲ အကြမ်းဖက်သမားတွေနဲ့ ဘယ်တော့မှ မဆွေးနွေးဘူးဆိုတဲ့ စကားကို။ တကယ်ကတော့ နိုင်ငံရေးအရ ဂျောင်ပိတ်မိနေတဲ့ အပေါ်မှာ အရှက်ပြေရာ၊ အဖုံးကာအနေနဲ့လုပ်ဖို့ ဒီနေ့အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးဘူးလို့ ပြောနေတာပါ။ ဒါပေမယ့် ဆွေးနွေးဖို့အတွက် လမ်းကြောင်းတွေ သူတို့ခင်းကျင်းနေတာကတော့ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ သတင်းဌာနတွေက ပြောဆိုချက်တွေအရဆို သိသာထင်ရှားနေပါတယ်။ တကယ်တမ်းဆွေးနွေးဖို့ သဘောထားကို မဖော်ပြသေးတာ NUG ကပဲ ဖြစ်တယ်လို့ ကျွန် တော်တော့ သုံးသပ်ပါတယ်ခင်ဗျ” လို့ သူကဆိုပါတယ်။

အတိုက်အခံတော်လှန်ရေးအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ EAO အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံပေါ်ပေါက်လာနေတဲ့ အမည်မျိုးစုံရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ လက်နက် ကိုင် ခုခံတွန်းလှန်မှုတွေကို ရင်ဆိုင်နေရတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့လည်း တိုက်ပွဲဖြစ်ပွားနေပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲကလည်း အခုနှစ်ဆန်းပိုင်းကစပြီး မြေပြင်စစ်ဆင်ရေးတွေမှာ စစ်တပ်ဘက်က အလေးမသာတော့ဘဲ လေကြောင်းတွေ လက် နက်ကြီး တိုက်ခိုက်မှုတွေကို အစားထိုးအသုံးပြုနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမည်ကို အသုံးချပြီး စစ်ကောင်စီက နိုင်ငံရေးကစားကွက်ရွှေ့လာပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကတော့ အုပ်ချုပ်သူအပြောင်းအလဲမဟုတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ့် စနစ်ပြောင်း တော်လှန်ရေးသာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.