မော်လမြိုင်၊ သြဂုတ်(၂၃)

စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး ဖြိုခွင်းခြေမှုန်းရေးလုပ်ငန်းစဉ်မှာ စစ်အသုံးစရိတ် မြင့်တက်နေတဲ့အတွက် စစ်ကောင်စီဟာ ဒေါ်လာကိုအသည်းအသန် ထိန်းချုပ်ဖို့ ကြိုးပမ်းလာတယ်လို့ ငွေကြေးရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူ့ခုခံစစ် နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေကို မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်လာတဲ့အတွက် လေကြောင်းအပြင် အဝေးပစ်လက်နက်ကြီးတွေကို ဦးစားပေး အသုံးပြုနေတာပါ။

လေကြောင်းကို အဓိကအသုံးပြုလာရတဲ့ စစ်ကောင်စီဟာ တဖက်မှာတော့ စစ်အသုံးစရိတ်အတွက် ဒေါ်လာငွေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း ခွင့်ပြုချက်မရှိဘဲ ဒေါ်လာကိုင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမှုနဲ့အတူ ပြည်တွင်းဒေါ်လာလိုအပ်ချက် မြင့်မားလာတဲ့အ တွက် အမေရိကန်ဒေါ်လာဟာ သြဂုတ်တတိယအတွင်း တစ်ဒေါ်လာကို ကျပ် ၃၉၀၀ နီးပါးဈေးနှုန်း ထပ်မံမြင့်တက်လာတာပါ။

စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ ဒေါ်လာကို အဓိကအသုံးပြုနေရတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒေါ်လာလိုအပ်ချက်အမြင့်ဆုံး ရောက်ရှိလာတာကြောင့် စစ်ကောင်စီဟာ ဒေါ်လာကို နည်းမျိုးစုံသုံးပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာပါ။

ငွေကြေးရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRYU) အဖွဲ့ဝင် ဦးတင့်လွင်ကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်အသုံးစရိတ်အတွက် ဒေါ် လာလိုအပ်ချက် မြင့်မားလာမှုအပေါ် ဖြေရှင်းဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိအခြေအနေမှာ အစိုးရရဲ့အသုံးစရိတ်က တအားမြင့်တက်နေတာပေါ့နော်။ တစ်နိုင်ငံလုံး လုံခြုံရေး အခြေအနေက မကောင်းဘူး။ တစ်နိုင်ငံလုံးက သူတို့ကိုဆန့်ကျင်တယ်၊ သူတို့က အစိုးရလို့သာဆိုနေတာပေါ့။ အစိုးရလို့ အသိအမှတ်မပြုဘူး၊ နိုင်ငံတကာလည်း အသိအမှတ်မပြုဘူး၊ ပြည်တွင်းကလည်း အသိအမှတ်မပြုဘူး၊ အဲဒီအခါကျတော့ သူကတကယ်တမ်းကျတော့ အုပ်ချုပ်နိုင်စွမ်းမရှိဘူး။ ဒေသအားလုံးမှာ လုံခြုံရေးကပျက်နေပြီးတော့ မြို့နယ်တိုင်းမှာ အစိုးရကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့ကရှိနေတယ်။ ဒါကိုရင်ဆိုင်ရတဲ့အခါ သူ့မှာပိုက်ဆံသုံးပြီးတော့ ရင်ဆိုင်နေရတယ်။ အဲဒီမှာငွေက အစိုးရအတွက် အသုံးစရိတ်က တအားကြီးတယ်။ သူတို့ရဲ့လက်ရှိ စစ်ရေးအခြေအနေကလည်း သူတို့ကိုယ့်ပြည်သူနဲ့ ကိုယ်ပြန်တိုက်ရတဲ့အခါမှာ အခြေအနေက မကောင်းတော့ နောက်ဆုံးအားလုံးသိတဲ့အတိုင်းပဲ လေကြောင်းပစ်ကူတို့၊ လက်နက်ကြီးပစ်ကူတို့ သုံးနေရတယ်။ အဲဒီအချိန်မှာ အစိုးရရဲ့ အသုံးစရိတ်က တအားတက်တယ်။ ဒီအသုံးစရိတ်ကလည်း ဒီပစ္စည်းတွေက ကျပ်နဲ့ဝယ်လို့ရတာမဟုတ်တော့ ဒေါ်လာလိုအပ်ချက်က ကြီးမားနေတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်အသုံးစရိတ်တွေအတွက် ဒေါ်လာရရှိဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်တာတွေ ရှိသလို ပို့ကုန်သွင်းကုန်ကဏ္ဍတွေအပြင် ပြည်သူတွေဆီကပါ စုဆောင်ထားတဲ့ ဒေါ်လာတွေရရှိအောင် ထုတ်ပြန်ချက်မျိုးစုံထုတ်ပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူတစ်ဦးဟာ တရားဝင်နည်းလမ်းနဲ့ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ ဒါမှမဟုတ် အဲဒီငွေနဲ့ ညီမျှသော ငွေထက်မပိုတဲ့ နိုင်ငံခြားငွေတွေကို လက်ခံရရှိတဲ့နေ့မှစပြီး ၆ လအတွင်းသာ ကိုင်ဆောင်ခွင့်ရှိတယ်လို့ သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

ဦးတင့်လွင်ကတော့ စစ်ကောင်စီဟာ တိုက်ပွဲတွေမှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေ အဓိကအသုံးပြုတာကြောင့် လက်နက်ဝယ်ယူဖို့ ဒေါ်လာလိုအပ်ချက် ကြီးမားလာတာဖြစ်တယ်လို့ ပြောပါတယ်။

“သူရဲ့ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်း ကျဆင်းနေတဲ့အတွက် ပြည်သူကိုခြိမ်းခြောက်နှိပ်စက်ပြီးတော့ အုပ် ချုပ်ရတဲ့အတွက် ပိုက်ဆံကအတော်ကုန်တာပေါ့။ ကိုယ့်ရွာတွေကို ဗုံးပြန်ကြဲရတယ်။ လက်နက်ကြီးနဲ့ ထုတယ်။ ဒီဟာတွေက နေ့စဉ်လုပ်နေတာ။ နေ့စဉ်တပြည်လုံးကို လုပ်နေရတဲ့အခါကျတော့ ဒီစရိတ်က မသေးဘူးပေါ့နော်။ လေယာဉ်ဆီစရိတ်ကအစ ဈေးတအားကြီးတာပေါ့လေ။ ဒီအပေါ်မှာ ပြည်တွင်းငွေကုန်ကျမှုရှိသလို ဒေါ်လာလိုအပ်ချက်အရရော၊ နိုင်ငံခြားသုံးငွေအနေနဲ့ လိုနေတာတွေရှိတဲ့အခါကျတော့ ဒီဟာကလည်း မဖြစ်မနေသူ့ရဲ့ ရပ်တည်ရေးအတွက် မဖြစ်မနေလုပ်နေရတယ်။ ဒေါ်လာလို အပ်ချက် ကြီးမားနေတယ်။ ဒါကိုသူရှာဖွေတဲ့အခါမှာ ဆေးမြီးတိုအနေနဲ့ပဲသုံးပြီးတော့ ဆောင်ရွက်တယ်။ ဆောက်ရွက်တဲ့အခါ ပြည်သူကို ခြိမ်းခြောက်ပြီးတော့ ဒေါ်လာကိုမဆိုင်ရင်လည်း ကိုင်လို့မရဘူး။ ဒါမျိုးအမိန့်တွေလည်း ထုတ်တာရှိတယ်။ ဒေါ်လာကိုင်သုံးနေတဲ့ လူတွေတောင်မှ မင်းတို့ဒေါ် လာကိုရလာလို့ရှိရင် ဥပမာတစ်ဝက်ကို ပေါက်ဈေးဘယ်လိုဖြစ်ဖြစ် သတ်မှတ်ဈေးနဲ့သွင်းရမယ်။ ကျန်တဲ့ တစ်ဝက်ကိုလည်း သတ်မှတ်ဈေးဘဲ၊ ဈေးကနှစ်မျိုးရှိတာပဲရှိတာ တကယ်တမ်းတော့ အဲဒီဟာ ပေါက်ဈေးလည်းမဟုတ်ဘူး၊ ဒီတော့နှစ်မျိုးလုံးက အရှုံးခံပြီး ရောင်းရမယ်ဆိုတဲ့ သဘောဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကလည်း စစ်ကောင်စီရဲ့ ဒေါ်လာငွေထိန်းချုပ်မှုတွေဟာ နိုင်ငံခြားငွေ မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေကြောင်း ပြသနေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပြည်သူ့ခုခံစစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ရေးအသုံး စရိတ်ဟာ ကျပ် ဘီလီယံ ၄၀၀၀ ကျော်အထိ စံချိန်တင်အသုံးပြုထားရပြီး NLD အစိုးရလက်ထက် ကာကွယ်ရေးအသုံးစရိတ်နဲ့ နှိုင်းယှဉ်ပါက ဘီလီယံရာနဲ့ချီ ကွာဟနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံခြားသုံးငွေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းမှာ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး ဒေါ်လာအပါအဝင် နိုင်ငံခြားသုံးငွေအမျိုးမျိုးကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုမရရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.