မော်လမြိုင် – ဩဂုတ်(၂၂)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးဘဏ်မှာ အမေရိကန်ဒေါ်လာ အလွယ်တကူ အပ်နှံ သိမ်းဆည်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အမေရိကန်ဒေါ်လာ လက်ဝယ်သိမ်းထားဖို့ စိတ်မချသူတွေ၊ ဒေါ်လာအလွယ်တကူ ဝယ်ယူဖို့ နေရာမရှိသူတွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ ဆိုထားတာပါ။

နွေဦးဘဏ်မှာ စာရင်းဖွင့်လှစ်ပြီး လိုသလောက် အမေရိကန်ဒေါ်လာဝယ်ယူကာ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိတို့ ဆန္ဒရှိတဲ့ အချိန်လွယ်ကူစွာပြန်လည်ရောင်းချနိုင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာငွေကနေ တခြားငွေကြေးတွေနဲ့ Gold token ကိုလဲ Real-Time Exchange အတိုင်း လဲလှယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ခွင့်ပြုချက် ဒါမှမဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ ဩဂုတ်လ (၂၀) ရက်နေ့က ခြိမ်းခြောက်ထားပါတယ်။

လက်တလောနိုင်ငံအတွင်းမှာ နိုင်ငံခြားငွေဂယက်ကြောင့် ပြည်သူတွေဟာ အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အဲဒီအခြေအနေကို စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်တာမရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ နွေဦးဘဏ်မှာ ဘဏ်စာရင်းဖွင့်လှစ်လိုသူတွေအနေနဲ့ https://beta.springdevelopmentbank.com/register မှာ စာရင်းပေးသွင်းနိုင်ပြီး နွေဦးဘဏ် အသုံးပြုသူများစုဝေးရာhttps://t.me/SpringDevBankCommunity နဲ့ SDB Help Center မှ အကူအညီရယူဖို့အတွက် https://help.springdevelopmentbank.com ကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SDB Bank( နွေဦးဘဏ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.