မြဝတီ၊ သြဂုတ်(၂၂)

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်ကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က မြဝတီကနေ ကော့ကရိတ်ဘက်ကို ဆင်းလာတဲ့ ခရီးသည် ၁၅ ဦးပါ အန်စာတုံးခရီးသည်တင်ယာဉ်ဟာ မြဝတီ-ကော့ကရိတ်အာရှလမ်း ဒေါနသစ္စာ စားသောက်ဆိုင်အနီးမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

ခရီးသည်တင်ယာဉ် တိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ အသက် ၂၃ နှစ်အရွယ် မောင်စန်းလင်းအောင်၊ အသက် ၃၅ နှစ်အရွယ် ကိုစိုးမင်းအောင်၊ အသက် ၄၅ နှစ်အရွယ် ကိုထိန်လင်းနဲ့ အသက် ၁၉ နှစ်အရွယ် မနန်းလွမ်ငင်တို့ ကျည်ထိမှန်ဒဏ်ရာတွေ ရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ခရီးသည်ကား ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို ဘတ်ဟိုးယာဉ်တင်ဆောင်တဲ့ ၁၂ ဘီးကားတစ်စီးမှာလည်း ယာဉ်ခေါင်းခန်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်တွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မြဝတီဆေးရုံသို့ ပို့ ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးပဋိပက္ခ တင်းမာနေတဲ့ မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်ကားတွေ မှားယွင်းပစ်ခတ်ခဲ့ရတဲ့ ဖြစ်စဉ်တွေကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းပြီး တောင်မြေပြိုမှု ဖြစ်ပေါ်ခဲ့တဲ့ လမ်းပိုင်းပြတ်တောက်ခဲ့သလို လက်ရှိမှာတော့ ကားငယ်တချို့ ဖြတ်သန်းသွားလာခွင့် ပေးအပ်ထားတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.