ပုလော၊ သြဂုတ်(၂၂)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၈၀ အရွယ် အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၂၈၅) ကနေ သြဂုတ် ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က လက္ကူကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အသက် ၈၀ အရွယ် အဘွားဒေါ်သန်းကြည်နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အခင်းဖြစ်နေရာပဲ သေဆုံးခဲ့တာပါ။
စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ အဘွားဒေါ်သန်းကြည်ဟာ လည်ပင်းကျည်စဝင်ဒဏ် ရာနဲ့ သေဆုံးခဲ့ပြီး နေအိမ်အနီးနေ အမျိုးသား ၂ ဦးနဲ့ အမျိုးသား ၁ ဦးကလည်း ကျည်ထိမှန်ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်စိတ်နဲ့ နေထိုင်နေရပြီး လုပ်ငန်းခွင်တွေကို မသွားရဲမလာရဲကြတော့ဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ ညကလည်း ပလမြို့အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ