ဒီးမော့ဆို၊ သြဂုတ်(၂၂)

အာဏာသိမ်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၂၀,၀၀၀ တန် ရိုက်နှိပ်ထုတ်ဝေပြီးနောက်ပိုင်း ထိုင်းဘတ်ငွေဈေးဟာ တရိပ်ရိပ်နဲ့ အဆမတန် မြင့်တက်လာတဲ့အတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းဘတ်ငွေမြင့်တက်မှုကို ထိန်းချုပ်ဖို့နဲ့ ဒေါ်လာသုံးစွဲမှုလျှော့ချဖို့ ရည်ရွယ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သြဂုတ် ၁၄ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အဲဒီနောက်မှာတော့ ထိုင်းဘတ်ငွေဈေးဟာ တစ်ဘတ်ကို မြန်မာငွေ ၁၁၀ ကျော်အထိ ပေါက်ဈေးရှိလာပြီး သြဂုတ် ၁၉ ရက်နေ့မှာတော့ တစ်ဘတ်ကို မြန်မာငွေ ၁၁၅ ကျပ်အထိ စံချိန်တင် ဈေးနှုန်းထပ်တက်သွားခဲ့ပါတယ်။

ဒီအခြေအနေမှာ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ တိုက်ပွဲဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ဝယ်ယူရာမှာ အခက်အခဲကြုံလာရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဘတ်ငွေဈေးတွေ မြင့်တက်လာတာကြောင့် လက်နက်ခဲယမ်းဈေးတွေ အများကြီးမြင့်တက်သွားသလို ရိက္ခာပိုင်းမှာလည်း အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရိုက်ခတ်မှုတော့ အများကြီးရှိတာပေါ့။ ၂ သောင်းတန်ထုတ်ပြီးနောက်ပိုင်းမှာ လက်နက်ခဲယမ်းဈေးတွေလည်း အများကြီးမြင့်တက်တယ်။ ကျွန်တော်တို့က နယ်စပ်မှာနေတဲ့အတွက် လမ်းခရီးကလည်း အဆင်မပြေတော့ ငွေဈေးလည်း တဟုန်ထိုးတက်တော့ လက်နက်ခဲယမ်းအပိုင်းမှာရော ရိက္ခာအပိုင်းမှာရော အဲဒါတွေအားလုံး အခက်အခဲရှိပါတယ်ဗျ”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် လက်နက်ကိုင်စစ်ဆင်ရေးတိုက်ပွဲမှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေရဲ့ ဈေးမြင့်တက်မှု ကွာဟချက်နှုန်းထားကိုတော့ သူကမပြောဆိုပါဘူး။

ထိုင်းနဲ့နယ်နိမိတ်ချင်းနီးတဲ့ ပြည်တွင်းနယ်စပ်ဒေသတွေမှာ အခြေချလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တော်လှန်ရေးအင်အားစု အတော်များများဟာ ထိုင်းကနေ လက်နက်ခဲယမ်း၊ ဆေးဝါး၊ စားနပ် ရိက္ခာစတာတွေကို မှီခိုနေရတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကလည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးရဲ့ လက်နက်ခဲယမ်းလိုအပ်ချက်ဟာ ထိုင်းဘတ်ငွေနဲ့ဝယ်ပြီး သုံးစွဲနေရတဲ့အတွက် ရိုက်ခတ်မှုရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကအသစ်တွေ ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတာနဲ့ တပြိုင်တည်း ထိုင်း-မြန်မာ ငွေလွှဲနှုန်းက တော်တော်လေးကို ဆိုးရွားလာပါတယ်။ စိုးရိမ်စရာ အခြေအနေကို ရောက်နေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးက ကျွန်တော်တို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ လက်နက်ခဲယမ်းမီးကျောက်ဆေးဝါး အစရှိသည်ဖြင့် ထိုင်းကို အမှီပြုနေရတယ်။ ထိုင်းဘတ်ငွေနဲ့ ဝယ်ပြီး သုံးစွဲနေရတဲ့အခါကျတော့ အခုလို ဈေးနှုန်းပြောင်းလဲသွားတဲ့အပေါ်မှာ ထိုင်းဘတ်ငွေ အဆမတန်မြင့်မားသွားတဲ့အပေါ် ကျွန်တော်တို့ အထိုက်အလျောက်သော ရိုက်ခတ်မှုတော့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်အပြီး ချက်ချင်းဆိုသလို ပြည်တွင်းဈေးကွက် ကမောက်ကမဖြစ်ပြီး ဈေးကွက်မဖွင့်နိုင်တော့သလို နိုင်ငံခြားငွေဈေးကွက်မှာလည်း ဈေးနှုန်းတွေ တဟုန်ထိုးခုန်တက်သွားတာ ဖြစ်ပါတယ်။

မြန်မာ့ငွေကြေးဖောင်းပွမှုကြောင့် ပြည်တွင်းရှိ အရပ်သားပြည်သူတွေ ထောက်ပံ့တဲ့ ငွေကြေးနဲ့ လက်နက်ခဲယမ်းကို ထိုင်းဘတ်ငွေနဲ့ ဝယ်ယူရတာဖြစ်တဲ့အတွက် ရသင့်သလောက်မရဘဲ အများကြီးလျော့သွားတာလို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။

တစ်ဖက်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတိုက်ပွဲမှာ တတ်နိုင်တဲ့ဘက်ကနေ ငွေကြေးထောက်ပံ့မှုတွေရှိနေတာကြောင့် နွေဦးတော်လှန်ရေး ဆက်လက်ရှင်သန်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.