လွိုင်ကော် – ဩဂုတ်(၂၁)

ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကိုဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PDF အဖွဲ့တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ဒီးမော့ဆိုမြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပြီး ဒီနေ့ ဩဂုတ်လ(၂၁) ရက်နေ့ မနက်ပိုင်းအထိ ထိတွေ့မှုတွေ ရှိနေတာပါ။

အဲဒီထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်လက်လွှတ်ထားရတဲ့ ထိုင်း-ကယားနယ်စပ်က မယ်စဲ့ စခန်းကုန်းကို ပြန်လည်သိမ်းယူဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် PDF အဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်နေလို့ ဖြစ်ပွားခဲ့တာလို့ ဒီးမော့ဆို PDF တာဝန်ခံက ပြောပါတယ်။

“အဓိကအပစ်အခတ်ကတော့ ဒီပြည်ထောင်စုလမ်းပဲဗျ။ပြည်ထောင်စုလမ်းစိုးမိုးနိုင်ဖို့ပေါ့နော် အဲ့ဒီလမ်း ကိုသူတို့စိုးမိုးနိုင်သွားလို့ရှိရင် အရှေ့မှာရှိတဲ့သူတို့တပ်ရင်းတပ်ဖွဲ့တွေကို ရိက္ခာတွေပို့ လို့ရမယ်ပေါ့နော်။စားနပ်ရိက္ခါတို့၊လက်နက်ရိက္ခာတို့ပို့လို့ရမယ်။ပြည်ထောင်စုလမ်းမကြီး အဓိကအားဖြင့် ဒီးမော့ဆိုနဲ့ဖရူဆိုကြားမှာ ဖြစ်တယ်ပေါ့နော်။ဒီးမော့ဆိုမြို့နယ်နဲ့ ပြည်ထောင်စုလမ်းပေါ့ ဒီအနားတဝိုက်မှာဖြစ်တယ်။စစ်ကြောင်းထိုးတာတွေရှိတော့ တိုက်ပွဲကတော့နေ့တိုင်းရှိတယ်ဗျ။” လို့ ဒီးမော့ဆို PDF တာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြည်ထောင်စုလမ်းမကြီးဟာ ကယားပြည်နယ်မြို့တော် လွိုင်ကော်ကနေ ထိုင်း-ကယားနယ်စပ် Bp-13 အထိ နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နိုင်တဲ့ အဓိက လမ်းမကြီးဖြစ်ပါတယ်။

အဲဒီလိုအဓိကကျတဲ့ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က အတွဲလိုက်ပစ်ဒုံးတွေ၊သံချပ်ကာယာဉ်တွေ၊ အမြောက်တင်ကားတွေအပြင် လေယာဉ်နဲ့ ပေါင်-၅၀၀ ဗုံးတွေ အထိ အသုံးပြုနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီက သာလွန်အင်အားတွေအသုံးပြုပြီး တိုက်ခိုက်နေပေမယ့် ထိတွေ့မှုတွေမှာတော့ အသေအပျောက်များနေသလို အရာရှိတွေအထိ သေဆုံးတာတွေရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လ(၁၀) ရက်နေ့က တိုက်ပွဲမှာ တပ်မ-၅၅ လက်အောက်ခံတပ်တွေက ဒုတပ်ရင်းမှူးတစ်ဦးနဲ့ (၁၂) ရက်နေ့ကလည်း ဗိုလ်ကြီးတစ်ဦး တိုက်ပွဲမှာ သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ တပ်ဆုတ်ပြီး အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေသလို တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က တောင်ငူ-လိပ်သို-ယာဒို-ဟိုပုံမြို့တွေကို ဆက်သွယ်ဖောက်လုပ်ထားတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးသတ်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF(စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.