စစ်ကိုင်း၊ သြဂုတ်(၂၀)
အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ဆင်တိုက်ခိုက်ရာမှာ ပစ်မှတ်မခွဲခြားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်လာတယ်လို့ ISP-Myanmar က ဩဂုတ် ၁၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အစီရင်ခံစာအရ စစ်တပ်အနေနဲ့ စစ်အင်အား လျော့ပါးနေပြီလားဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ တစ်ဖက်မှာ စစ်ရေးအရအသာစီးရနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ အတွဲလိုက်ပစ် ဒုံးလက်နက်တွေ၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့အပြားမှာ ရင်ဆိုင်ထားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်နဲ့ အရပ်သားပြည်သူ မခွဲခြားဘဲ စစ်ဆင်တိုက် ခိုက်မှုတွေကြောင့် လူနေကျေးရွာတွေနဲ့ မြို့တွေ ပျက်စီးဆုံးရှုံးတာတွေ ပိုများလာတာတွေ့ရပြီး အရပ်သားသေဆုံးမှု ကိန်းဂဏန်းတွေကလည်း တိုးလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်တပ်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် လုပ်ဆောင်နေတာဟာ အတော့်ကိုဆိုးဆိုးဝါးဝါး ကျူးလွန်တာတွေ ပိုများလာတယ်လို့ ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းဒေသရှိ ကိုလွမ်းသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နမခလိုမျိုး စစ်ဌာနချုပ်ကြီးကရယ် ပြီးတော့ သူ့ရဲ့ အကြမ်းဖက်စစ်အုပ်စုတပ်စွဲရာနေရာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ အများကြီးရှိတယ်။ ပြီးရင် ဓားစာခံဖမ်းခေါ်သူတွေကိုလည်း သူတို့တွေ မထင်ရင်မထင်တဲ့နေရာမှာ သတ်ဖြတ်တယ်။ ဖမ်းဆီးခံရသူတွေလည်း သာမန်အရပ်သားတွေပါပဲဗျ။ ဆိုတော့ စစ်ရာဇဝတ်မှုတွေကို သိသိသာသာ လွန်လွန်ကျူးကျူးကို ကျူးလွန်တယ်။ ပြီးရင် တာဝေးပစ်လက်နက်ကြီးတွေကို အချက်ရေပေါင်းများစွာ တစ်ရက်ကို အချက်ရေ ၂၀ လောက်အထိပစ်တဲ့ ပုံစံမျိုးတွေ အများကြီးလုပ်လာတယ်။ ရွာတွေမှာ တိုက်လေယာဉ်သုံးပြီး ဗုံးကြဲတဲ့အဆင့်တွေအထိ ဆောင်ရွက်လာတယ်။ ဒီလိုမျိုး လေကြောင်းရော၊ ကုန်းကြောင်းရော တာဝေးပစ်လက်နက် ကြီးတွေနဲ့ရော လွန်လွန်ကျူးကျူးကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာတွေက ပိုမိုပြီးရှိလာတယ်”လို့ သူက ဆိုပါတယ်။
ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့ဖြစ်ရပ်ဟာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခဲ့တဲ့အထိ ဆိုးရွားစွာ ဖြစ်ပွားခဲ့တာပါ။
သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၉,ဝဝဝ နီးပါးရှိလာတဲ့အပြင် နေအိမ်အပါအဝင် အဆောက်အအုံတွေ မီးရှို့ ဖျက်ဆီးခံရတာလည်း အရေအတွက်အနေနဲ့ရှစ်သောင်းကျော်လာပြီလို့ ဆိုပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF စစ်ရေးတာဝန်ခံ ကိုရဲသွေးနီကတော့ စစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့ တွေကို ချေမှုန်းတိုက်ခိုက်ရာမှာ အရပ်သားတွေရှိတဲ့ ကျေးရွာထဲကို ရမ်းသမ်းပစ်မှုတွေ နေ့တိုင်းလိုလို ဖြစ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ကို တပ်မဟာ ၁ တပ်ရင်း ၃ နယ်မြေမှာဆိုရင် စကစက ကျွန်တော်တို့ ပတ် လည်မှာ စစ်တပ်တွေရှိတယ်ဗျာ။ အဲဒီကနေပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်နေတာ ရှိတယ်။ ဒီနေ့လည်း ပစ်တယ်။ ရွာတွေထဲကို ရမ်းသမ်းပစ်တာပေါ့ဗျာ။ အဲဒီလိုဟာမျိုးတွေ အများကြီးရှိတယ်၊ နေ့တိုင်းလိုလို ရှိတယ်။ ပြီးခဲ့တဲ့ လက ငှက်ပျောတောဘက်ကို စစ်ကြောင်းထိုးတုန်းက ရွာသားသုံးယောက်ကို သူတို့သတ်ပစ်လိုက်တယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံနဲ့ ဘီးလင်းမြို့နယ်တို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့ဒေသဖြစ်ပါတယ်။
တစ်ဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်ကုန်ဖို့ လေးလသာကျန်ရှိတော့တဲ့အခြေအနေမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ လာမယ့်နှစ်ဆန်းမှာ တော်လှန်ရေးအောင်ပွဲခံပြီလို့ ဒီရက်ပိုင်း ထုတ်ပြောလာပါတယ်။
96 Soldiers – PDF ရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကတော့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ ထပ်မံတိုးယူထားတဲ့ ၆ လအတွင်း တပ်ပေါင်းစုဖြစ်ဖြစ် မဟာမိတ်ဖြစ်ဖြစ် အချိန်တစ်ခုပေးပြီး ဟန်ချက်ညီညီနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပိုပြီးဆင်နွှဲသင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီခြောက်လအတွင်း ထိုးစစ်အနေနဲ့ ကျွန်တော်တို့ဘက်က စုပေါင်းအင်အားနဲ့ပဲ ပူးပေါင်းဆောင်ရွက်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ပိုပြီးဆင်နွှဲသင့်တယ်လို့မြင်တယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေ လုပ်တဲ့အခါမှာ တစ်ဦးတစ်ဖွဲ့နဲ့ လုံးဝမရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ စုပေါင်းစပ်ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ ဟန်ချက်ညီညီနဲ့ စစ်တပ်ရဲ့အထိုင်စခန်းတွေ၊ ပျူရွာတွေ၊ စစ်ကုန်းတွေကို တပ်ပေါင်းစုသဏ္ဍာန်နဲ့ဖြစ်ဖြစ် မဟာမိတ်သဏ္ဍာန်နဲ့ဖြစ်ဖြစ် အချိန်တစ်ခုပေးပြီး ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။
တစ်ကျော့ပြန် အာဏာသိမ်းပြီးကတည်းက အခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်း တိုက်ပွဲအကြိမ်ရေပေါင်း ၁ သောင်းကျော်လာနေပြီး တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေကလည်းကလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာကာ အခုနှစ်မှာတော့ ၂၁၁ မြို့နယ်အထိ ဖြစ်လာနေတာပါ။
ဒါ့အပြင် စစ်တပ်နဲ့အဖွဲ့ပေါင်းစုံရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs/LDFs) တွေကြားက တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာသလို ဒီနှစ်ထဲမှာ EAOs တွေနဲ့ PDFs တွေရဲ့ ပူးတွဲစစ်ဆင်ရေးတွေလည်း ပိုများလာတယ်လို့ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ