4K Footage: Close-up shot woman hand counting Thai cash (THB) on black glass table (Codec Apple ProRes 422 HQ with Resolution 3840x2160)

မော်လမြိုင်၊ သြဂုတ်(၂၀)

တစ်ဘတ်ကို ကျပ် ၁၁၀ ကျော်အထိ ပေါက်ဈေးရှိလာတဲ့ ထိုင်းဘတ်ငွေဈေး ဂယက်ကြောင့် ပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းကို ထပ်မံခံစားလာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း တရိပ်ရိပ်တက်လာတဲ့ ထိုင်းဘတ်ငွေဈေးဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့် ချက်ချင်းဆိုသလို တစ်ဘတ်ကို ကျပ် ၉၀ ဝန်းကျင်အထိ ဈေးနှုန်းခုန်တက်လာပါတယ်။

ထိုင်းဘတ်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့နဲ့ ဒေါ်လာသုံးစွဲသူလျော့ချဖို့ရည်ရွယ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေကို နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သြဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းဘတ်ငွေဈေးဟာ တစ်ဘတ်ကို ကျပ် ၁၁၀ ကျော်အထိ ပေါက်ဈေးရှိလာပြီး သြဂုတ် ၁၉ ရက်နေ့မှာတော့ တစ်ဘတ်ကို ကျပ် ၁၁၅ ကျပ်အထိ ဈေးနှုန်းထပ်တက်တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ထိုင်းဘတ်ငွေကို နိုင်ငံခြားသုံးငွေအဖြစ် သတ်မှတ်ပေးလိုက်ပေမယ့် ထိရောက်မှုမရှိနိုင်သလို ဘတ်ငွေဈေးနှုန်းကြီးမြင့်မှုကြောင့် ကျပ်တည်းမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပြောရရင်တော့ ဘတ်နဲ့ပဲချေချေ ဘာနဲ့ပဲချေချေ နိုင်ငံခြားငွေနဲ့ချေရတာပဲ။ တစ်ခုရှိတာက သူကဘတ်နဲ့ အရောင်းအဝယ် လုပ်တဲ့ဟာအတွက် ဒေါ်လာကနေတဆင့် ဘတ်ကိုကူးစရာ မလိုတော့ဘူးပေါ့လေ။ ဒါပေမယ့် ဆိုးကျိုးအနေနဲ့ကတော့ ဥပမာ- ကိုယ်ကပို့ကုန်ထိုင်းကို ကိုယ့်သွင်းကုန်ထက်ပိုပြီးတော့ ပို့နိုင်တယ်ဆိုရင်တော့ ကိုယ့်အတွက် ဒါဘတ်များများ လက်ကျန်ရှိမှာပေါ့။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ်ကသူ့ဆီက သွင်းကုန်ကြီးပဲ များ နေတယ်ဆိုရင်ကတော့ အဲဒီဘတ်ကို လိုက်ရှာရတဲ့ဈေးက ပိုပြီးတော့ကြီးမှာပေါ့။ လက်ရှိအနေအထားအရတော့ ထိုင်းနဲ့ကဒီဘက်က များများစားစား အလုံးအရင်း ပို့နိုင်တာဆိုလို့ ဂက်စ်ပဲရှိတယ်။ အဲဒီဟာကလည်း ဒီအစိုးရကဏ္ဍက ပို့နေတာ။ ဒီအများပြည်သူ့ကဏ္ဍအတွက်ကတော့ ဘတ်နဲ့ပြောရလို့ရှိရင် လိုငွေပြနေတာပေါ့၊ ဆိုတော့ ဘတ်ရဲ့ဝယ်လိုအားက ပိုပြီးတော့ကြီးလာမှာပေါ့၊ ဒေါ်လာဘက်ကို အသုံးတော့လျော့သွားမှာပေါ့။ ဒါပေမယ့် ဘတ်ဆိုတာလည်း နိုင်ငံခြားငွေပဲဆိုတော့ ပို့ကုန်ကို ကောင်းကောင်းမပို့နိုင်လို့ရှိရင် ဘတ်ဈေးလည်း တက်မှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်ငွေကို အသုံးပြုခွင့်ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ကိုင်သူတွေသာ အဆင်ပြေမှုရှိနိုင်ပြီး ထိုင်းဘတ်ငွေဈေးကြီးမြင့်ဒဏ်ကို ပြည်သူတွေ ထပ်မံကြုံလာနိုင်တာပါ။

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်တဲ့ ဈေးကွက်အတွင်း ဘတ်ငွေဝယ်ယူစုဆောင်မှုတွေ ပိုများလာတယ်လို့ နယ်စပ်ကုန်သည်တွေထံကနေ သိရပါတယ်။

ထိုင်းဘတ်ငွေတွေကို နိုင်ငံခြားပေးငွေအဖြစ် သတ်မှတ်လိုက်ပေမယ့် နိုင်ငံခြားငွေ ဖြစ်တာကြောင့် ပို့ကုန်များများ မပို့နိုင်ပါက ဘတ်ငွေလိုအပ်ချက် ကြီးမားလာနိုင်သလို ဘတ်ငွေဈေးနှုန်းလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။

“ဒါတွေ ထုတ်တယ်ဆိုတာလည်း သက်သာရာရမလား ရမလားဆိုပြီးတော့ ထုတ်နေတာ။ ဒါပေမယ့် ဒီဟာတွေ ထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ သက်ရောက်မှုတွေက လာနေမှာပဲ။ နိုင်ငံတကာ ဖိအားတွေက ဘယ်လိုမှပြည်တွင်းမှာ သူ့စွမ်းရည်တွေနဲ့ ဘယ်လိုမှကောင်တာပြန်မလုပ်နိုင်ဘူး။ အခုမိုးကြိုးပစ်တဲ့ဟာကို ထန်းလက်နဲ့ကာဆိုသလိုပဲ တကယ့်အရင်းကလာတဲ့ဟာကို သက်သာရာရမလားလို့ ကာတဲ့သဘောမျိုးပဲ ရှိတာပေါ့။ ထိုင်းနဲ့ကုန်သွယ်နေတာ မဟုတ်ဘဲနဲ့ တခြားထိုင်းဘက်ကို ဆေးသွားကုဖို့တို့၊ ကျောင်းသွားတက်ဖို့တို့၊ ဒီစီးပွားရေးနဲ့မဟုတ်ဘဲနဲ့ တခြားကိစ္စနဲ့ ထိုင်းနဲ့ဆက်သွယ်နေသူတွေ အတွက်ကတော့ နည်းနည်းပိုပြီးတော့ အကျပ်အတည်းတွေ့လာမယ်။ ဒီကာလတိုမှာတော့ ထုံးစံအတိုင်းပဲ တစ်ခုခုထွက်လာပြီဆိုရင် ကာလတိုမှာ သက်ရောက်မှုတော့ရှိတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းဘတ်ငွေတွေကို နယ်စပ်တွေရှိ စစ်ကောင်စီနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေက တရားမဝင် လောင်းကစားရုံတွေကတဆင့် အများအပြားဝယ်ယူကာ ဈေးကွက်ကို လိုသလိုကစားနေတာကြောင့်လည်း ဘတ်ငွေဈေးနှုန်း မြင့်တက်လာတာလို့ နယ်စပ်ကုန်သည်တွေက ပြောဆိုထားပါတယ်။

ဘတ်ငွေဈေးနှုန်း မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံကတဆင့် မှာယူတင်သွင်းနေရတဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ကုန်းကြမ်းပစ္စည်းအပါအဝင် အထွေထွေသုံးကုန် ပစ္စည်းဈေးနှုန်းတွေဟာ ပစ္စည်းတမယ်ကို ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ထိုင်း-မြန်မာ ကုန်သွယ်မှုအနေနဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော်အထိ ရှိကာ နယ်စပ်ကုန်သွယ်မှုမှာတော့ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးဖြစ်တယ်လို့ သြဂုတ်လဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getting Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.