ပေါင်၊ သြဂုတ်(၂၀)

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ မြို့ဝင်ကြေးဘီးခွန်ကောက်ခံရေးဂိတ်အနီးမှာ သြဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး အရပ်သားပြည်သူ ၂ ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော် ယာဉ်တွေကို စစ်ဆေးနေစဉ် ကျွဲခြံကျေးရွာကနေ ပေါင်မြို့ထဲ မောင်းဝင်လာတဲ့ ဆိုင်ကယ်တစ်စီးဟာ အစစ်ဆေးမခံဘဲ မောင်းထွက်သွားတယ်ဆိုပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ဥတ္တံတားကျေးရွားနေ အသက် ၃၇ နှစ်အရွယ် ကိုစန်းမင်းနဲ့ တပ်မှူးချောင်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် စောဘိုဘိုဟိန်းတို့ ၂ ဦး ကျည်ထိမှန်ဒဏ်ရာတွေ ရရှိပြီး ဆိုင်ကယ်တိမ်းမှောက်သွားတာပါ။

သေနတ်နဲ့ပစ်ခံရပြီး ဆိုက်ကယ်တိမ်းမှောက်သွားစဉ် ကိုစန်းမင်းမှာ ဝဲပေါင်ကျည်ထိမှန်နဲ့ခန္ဓာကိုယ်ပွန်းပဲ့ ဒဏ်ရာရ၊ စောဘိုဘိုဟိန်းမှာ ဝဲပေါင်နဲ့ယာခြေသလုံးမှာ ကျည်ထိမှန် ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့ ဒေသခံ ၂ ဦးကို စစ်ကောင်စီက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုမှုပေးပြီးနောက် ပေါင်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့ညကလည်း သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာနေ ဦးရဲထွဋ်ရဲ့ သားဖြစ်သူ မောင်ခေတ်ဦးဈာန်ဟာ အီနာဂါဗုံးသီး ထိပ်ဖူးနဲ့ဆော့ကစားနေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် ဒဏ်ရာရသွားတဲ့ကလေးငယ်ကို သံဖြူဇရပ်ဆေးရုံကိုပို့ဆောင်ထားရပြီး ကလေးမိဘတွေကိုတော့ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.