ထားဝယ်၊ သြဂုတ်(၂၀)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် လမ်းလျှောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး နေရာမှာပဲ လဲကျသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပေမယ့် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာမရှိဘဲ ကျည်ထိသွားတဲ့တပ်သားကို လူနာတင်ယာဉ်နဲ့သယ်ဆောင်ကာ ထားဝယ်ဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ဥသြစစ် ကြောင်း၊ DGRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကလည်း ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို DGRF ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.