သထုံ၊ သြဂုတ်(၁၉)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ KNLA ပူးပေါင်း စစ်ကြောင်းဖြစ်တဲ့ တပင်ရွှေထီးစစ်ကြောင်းက သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒုတပ်ကြပ်စောအိုင်ဇက်ဟာ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကနေ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်တောင့် ၁၀၀ နဲ့အတူ KNLA တပ်မဟာ(၁)ထံ ဇူလိုင် ၂၂ ရက်နေ့မှာ အလင်းဝင်လာတာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ ဒုတပ်ကြပ် စောအိုင်ဇက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က နွေးထွေးစွာကြိုဆိုခဲ့ပြီး ငွေကျပ် ၃၈ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်လူမျိုးဖြစ်တဲ့ ဒုတပ်ကြပ်စောအိုင်ဇက်ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဆက်လက်တာဝန် မထမ်းဆောင်ချင်လို့ အလင်းဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
စစ်သက် ၁၈ နှစ်ရှိပြီးဖြစ်တဲ့ ဒုတပ်ကြပ်စောအိုင်ဇက်ဟာ KNLA ပူးပေါင်းတပ်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းကာလအတွင်း KNLA တပ်မဟာ(၁)ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်းရှိတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တပင်ရွှေထီး