ရေးချောင်းဖျား၊ သြဂုတ်(၁၈)
မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသမှာ တပ်မဟာ ၈ ဖွဲ့စည်းမယ့်ကိစ္စအပေါ် အဖွဲ့အစည်းအတွင်း ဆွေးနွေးတာမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။
တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ KNU အနေနဲ့ ရေးချောင်းဒေသမှာ တပ်မဟာ ၈ ဖွဲ့စည်းသွားမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။
ပြီးခဲ့တဲ့ နှစ်လကျော်တုန်းကလည်း စစ်တပ်နဲ့နီးစပ်တဲ့ သတင်းဌာနတချို့မှာတော့ KNU က ရေးမြို့ နယ်အတွင်း တပ်မဟာ ၈ ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကိုတော့ ရေးချောင်းဖျားမှာ ထားရှိမယ်ဆိုတဲ့ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။
ရေးချောင်းဖျားမှာ KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာသစ်တစ်ခု ဖွဲ့စည်းမယ့်သတင်းတွေ လူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာ ပြန့်နှံလာခဲ့တဲ့အပေါ် ပဒိုစောတောနီးက အခုလိုတုံ့ပြန်ပါတယ်။
“တပ်မဟာ ၈ ဖွဲ့မယ်ဆိုတာ ကျွန်တော်တို့ သိလည်းမသိဘူး။ ကြားလည်း မကြားမိဘူး။ ဒါပေမယ့်အ ပြင်ကနေ ပြောနေကြတာ အများကြီးပဲ။ ဒါတရားဝင်ထုတ်ပြန်တဲ့ အချက်အလက်အရ ကြည့်ရမယ်ဆို ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က KNLA တပ်ရင်း ၂၇ က ထုတ်ပြန်ထားတာပဲ။ တပ်ရင်း ၂၇ က တပ်မဟာ ၈ မှ မဟုတ်ဘဲ။ ဒါက တပ်မဟာ ၆ ထဲက ရှိတဲ့အဖွဲ့ပဲလေ။ ကျွန်တော်တို့မှာ တပ်မဟာ ၆ နယ်မြေ နောက် တပ်မဟာ ၄ နယ်မြေ ထိစပ်နေတာပဲ။ အဲဒီအပေါ်မှာ လစ်ဟာနေတဲ့နေရာအပေါ် သူတို့လှုပ်ရှားတာတော့ ရှိမှာပေါ့။ တစ်ခါတလေ ဖြတ်သွားဖြတ်လာရှိမှာပေါ့။ နောက်ပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာ ကင်းလှည့်တာတွေက လုပ်နေကျအလုပ်တွေ ဖြစ်သွားပြီ။ တပ်မဟာသစ်ဖွဲ့တယ်ဆိုတာ ကျွန် တော်တို့အထဲမှာ ဘာမှမကြားဘူး”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကရင်လူမျိုးနဲ့ မွန်လူမျိုးအတွက် ဒီကနေ့ကာလမှာ စစ်အာဏာရှင်စနစ်ရှိနေသရွှေ့ ဘယ်အဖွဲ့အစည်းမှ မကောင်းတာကြောင့် လက်တွဲပြီး စစ်အာဏာ ရှင်စနစ်ပြုတ်ကျအောင် လုပ်ရမှာဖြစ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုလွဲမှားစေတာကို တတ်နိုင်သလောက်ရှောင်ရမှာဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။
KNU ဟာ စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့အနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ဒါပေမယ့် အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းခဲ့သလို အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြို့ပြကနေ စွန့်ခွာလာကြတဲ့ လူငယ်တွေကိုလည်း စစ်သင်တန်းပေးကာ နွေဦးတော်လှန်ရေးမှာ အတူတကွပူးပေါင်း တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မော်လမြိုင် – ရေး – ထားဝယ်- ဘိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးမှာ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်တွေအပါအဝင် PDF တပ်ဖွဲ့တို့ ဇွန် ၁၈ ရက်နေ့ကစပြီး နယ်မြေထိန်းချုပ်မှုတွေ စတင်လှုပ်ရှားလာခဲ့တာပါ။
ဒီအခြေအနေမှာ KNU အနေနဲ့ ရေးမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ PDF တွေကို စုစည်းကာ နယ်မြေတိုးချဲ့ဖို့ တပ်မဟာ ၈ ဖွဲ့စည်းခဲ့တယ်ဆိုပြီး ဒေသခံမွန်လူထုတွေကြား လက်မခံနိုင်တဲ့ ဝေဖန်မှုတွေလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ အခုရက်ပိုင်း ခပ်စိပ်စိပ်တွေ့နေရပါတယ်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ တပ်မဟာ ၈ ဖွဲ့စည်းမယ့် သတင်းဟာ စစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှု မွန်နဲ့ကရင်ကြား ပဋိပက္ခဖြစ်စေချင်တဲ့ ရည်ရွယ်တာဖြစ်ပြီး ရေးဒေသဟာ မွန်လူမျိုးအများဆုံး နေထိုင်တဲ့အတွက် KNU အနေနဲ့ စီမံအုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“KNU တပ်မဟာ ၈ ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းက အပြင်ကဟာထက် စစ်တပ်နဲ့နီးစပ်တဲ့ သတင်းဌာနတွေ စစ်တပ်ကိုယ်တိုင် ဝါဒဖြန့်တဲ့ဟာတွေက ပိုပြီးတွေ့ရတယ်။ ဒါစစ်တပ်ရဲ့ သွေးထိုးလှုံ့ဆော်မှု မွန်နဲ့ကရင်ကြား ပဋိပက္ခဖြစ်စေချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ တပ်မဟာ ၈ က ဘယ်မှာဖွဲ့စည်းမှာလဲပေါ့။ တကယ်လို့ မော်လမြိုင်နဲ့ ထားဝယ်ကြားမှာ ဖွဲ့စည်းမယ်ဆိုရင် ကရင်ရွာ ၅၂ ရွာရှိတယ်။ ဆိုတော့ ဒီဘက်ခြမ်းမှာ ကရင်ကလူနည်းစုဖြစ်နေတယ်။ စီမံအုပ်ချုပ်မှုယန္တရားတစ်ခု တည်ထောင်မယ်ဆိုရင် ဒေသခံလူထုကို အခြေခံရမယ်။ ဆိုတော့ မွန်တွေကအများစုဖြစ်နေတယ်။ မွန်တွေအများစုဖြစ်နေတဲ့နေရာမှာ ကရင်ရဲ့စီမံအုပ်ချုပ်ရေးစနစ်ယန္တရားကို လာပြီးတည်ဆောက်မယ်ဆိုရင် ဒါမဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေအရမ်းနည်းတယ်လို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မှာ တပ်မဟာ ၇ ခု ဖွဲ့စည်းထားပြီး တပ်မဟာ (၁) ကိုတော့ သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်နဲ့ တပ်မဟာ (၇) ဘားအံခရိုင်တို့ ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ မော်လမြိုင် – ရေး – ထားဝယ်- ဘိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် PDF တော်လှန်ရေးပူး ပေါင်းစစ်ကြောင်းတွေ နေရာ ၃ နေရာခွဲပြီး လုံခြုံရေး စစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။
မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသဟာ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုဌာနချုပ်ရုံးစိုက်ရာဒေသလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲ အမှတ်(၃)၊ တောင်ပိုင်းတိုင်း J.Oပုံစာ-အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက် KNLA ၊ PDF တော်လှန်ရေးပူးပေါင်းစစ် ကြောင်းတွေ လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်။