ဘီးလင်း၊ သြဂုတ်(၁၈)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိုးစပါးစိုက်ဧက ၃၀,၀၀၀ နီးပါး ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် မိုးစပါးစိုက်ခင်း သောင်းချီ ပျက်စီးဆုံးရှုံးတွေ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီထဲမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကို အချိန် ၂ ပတ်နီးပါး ရင်ဆိုင်ရခဲ့တဲ့ ဘီးလင်းမြို့နယ်ရဲ့ မိုးစပါးစိုက်ဧက ၉၀,၀၀၀ ကျော်ထဲမှာ စိုက်ဧက ၃၀၀၀၀ ဟာ အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တောင်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
လက်ရှိမှာတော့ ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေ ပြန်လည်စိုက်ပျိုးဖို့ အချိန်မမီတော့သလို ကြဲခင်းစနစ်နဲ့ စိုက်ပျိုးဖို့အတွက်လည်း မျိုးစပါးတွေ လိုအပ်နေတာကြောင့် အခက်တွေ့နေရတယ်လို့ တောင် သူတစ်ဦးက ပြောပါတယ်။
“ရေကနှစ်ပြန်ကြီးတယ်၊ ပထမတစ်ပြန်ကြီးတာက (၇)ရက်လောက် မြုပ်တယ်၊ ကုန်းပိုင်းလေးတွေမှာ တစ်ရက် နှစ်ရက်လောက် လာပြန်ပေါ်တယ်။ နောက်တစ်ပတ်က ရေပိုကြီးတယ်၊ နှစ်ပတ်ကို (၁၀)ရက် (၁၁)ရက် မြုပ် သွားတယ်ဆိုတော့ ကုန်ပြီးပေါ့ဗျာ။ တချို့တောင်သူတွေကဆိုရင် မျိုးနှစ်ပြန်ထောင်ပြီးတော့ မစိုက်ခင်ဆုံးရှုံး သွားတယ်။ တချို့ဆိုစိုက်ပြီးမှ လုံးလုံးဆုံးရှုံးသွားတာပေါ့။ အဓိကနံပါတ်(၁) မျိုးစပါး လိုတယ်။ စိုက်စရိတ် ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြတာပေါ့လေ။ ပြန်လည်စိုက်ပျိုးဖို့ တောင်သူတွေကတော့ စဉ်စားတယ်၊ စိုက်ဖို့တော့ မမှီတော့ဘူး၊ ကြဲခင်းပဲကြဲရတော့မယ် သီးထပ်ကိုလေ။ ကျွန်တော်တို့တောင်သူတွေ အခုသီးထပ် မျိုးတွေကိုဖြစ်သလို ဈေးကြီးတွေပေးပြီးတော့ တချို့လည်းလိုက်ဝယ်တယ်။ တချို့လယ်သမားဆိုလည်း မဝယ် နိုင်လို့ ထိုင်ကြည့်နေရသေးတာပေါ့”လို့ ဆိုပါတယ်။
ရေကြီးနစ်မြုပ်မှုအတွင်း ပျက်စီးသွားတဲ့ မိုးစပါးတွေကို ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးစပါးဝယ်ယူတဲ့နေရာမှာလည်း ဈေးနှုန်းကြီးမြင့်တာ၊ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့အတွက် တောင်သူတချို့ ပြန်လည်စိုက်ပျိုးတာတွေ မလုပ်တော့ဘူးလို့ သူကဆက်ပြောပါတယ်။
နောက်ထပ်တောင်သူတစ်ဦးကလည်း ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် မိုးစပါးစိုက်ခင်း ၁၀၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီစိုက်ပျိုးရေးဌာနက လာရောက်ကူညီတာ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိနစ်မြုပ်တာကတော့ (၉၀) ရာခိုင်နှုန်းလောက် သေဆုံးကုန်တာပေါ့။ စပါးတွေ ပျက်စီးကုန်တာပေါ့။ စပါး ပြန်စိုက်ဖို့ဆိုတာ အခြေအနေက အချိန်မရတော့ဘူးလေ။ အခုချိန်ထိ ရေမပေါ်သေးတာ။ ပြန်စိုက်မယ် ဆိုပြန်ရင်လည်း မျိုးအခက်အခဲတွေ ရှိတာပေါ့။ အခုပဲဝါခေါင်လထဲ ရောက်နေပြီဆိုတော့ မျိုးထောင်မယ်ဆိုရင်လည်း မမှီတော့ဘူး။ သီးထပ်ကြဲမယ်ဆိုရင်တော့လည်း သိပ်ပြီးတော့လည်း မသေချာတော့ဘူးလေ။ ကျွန်တော်တို့ အခုဆိုလို့ရှိရင် မျိုးကော၊ စိုက်ကြေးရော ဘာရောဆိုလို့ရှိရင် တစ်ဧကကို (၁၀) ဧကသမားဆိုလို့ရှိရင် ဘယ် လောက်လောက်ရှိမလဲဆိုရင် သိန်း(၆၀)လောက်ဆုံးတယ်။ တစ်ဧက (၆)သိန်းနှုန်းပေါ့။ (၁၀) ဧက သိန်း (၆၀) လောက် ဆုံးရှုံးသွားတာပေါ့။ ကျွန်တော်တို့အဲဒါဘာအသံမှ အခုချိန်ထိကိုမကြားဘူး။ ကွင်းဆင်းကြည့်တာတို့ ဘာတို့လည်းမရှိဘူး။ စာရင်းကောက်တာတို့ ဘာတို့လည်းမရှိဘူး။ ဘာမှလုပ်ပေးတာတော့ မမြင်ဘူး”လို့ ဆိုပါတယ်။
အခုလို ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးပျက်စီးမှုများခဲ့တဲ့အတွက် လာမယ့်စပါးထွက်ရာသီမှာ အထွက်နှုန်း သိသိသာသာ လျော့ကျလာမှာဖြစ်သလို စပါးဈေးတွေလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ တောင်သူတွေက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရေကြီးနစ်မြှုပ်မှုဖြစ်ပွားပြီးပါက ထိခိုက်ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေ ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးစပါးထောက်ပံ့ပေးတာနဲ့ ဓာတ်မြေဩဇာတွေကို သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ကူညီဆောင်ရွက်ပေးတာတွေ မရှိတော့ဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။
မွန်ပြည်နယ်ဟာ စပါးစိုက်ဧက ၇ သိန်းနီးပါးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း ၄၃၀ ကျော်ထွက်ရှိနေဖြစ်ကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲရောင်းချပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာပါ။
ဒါပေမဲ့ ဆန်ဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတာကြောင့် ဈေးနှုန်းကြီးမြင့်ဒဏ်ကို ပြည်သူတွေ အလူးအလဲခံစားနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ