မြဝတီ၊ သြဂုတ်(၁၈)
ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်ကျဆုံးမှု များပြားပြီးနောက် တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့မှာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ထပ်မံပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သြဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့တဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်၂ ဦး ကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့မှာပဲ လက်ခတ်တောင်ခြေကနေ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ မေတ္တာလင်းမြိုင်စခန်းထံ တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ KNLA ကော်ဘရာစစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း အပြင်းအထန် ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
စခန်းပြန်သိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ဟာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Cobra Column