ဖရူးဆို – ဩဂုတ်(၁၈)

ကယားပြည်နယ်၊ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခရစ်ယာန် ဘုရားကျောင်း(၁)ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၂) ရက်နေ့ ည(၈)နာရီဝန်းကျင်မှာ တိုက်လေယာဉ်(၁)စီးန့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထီးသော်ကူးကျေးရွာက “သနားခြင်းမယ်တော်” ဘုရားကျောင်းအဆောက်အအုံ အပြင် ဘုရားကျောင်းဝင်းအတွင်းက တခြားအဆောက်အအုံတွေနဲ့ ခြံစည်းရိုးအုတ်တံတိုင်းတွေပါ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

အဲဒီကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်ချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ဒီနေ့ဩဂုတ်လ(၁၈) ရက်နေ့မှ ထုတ်ပြန်နိုင်တာဟာ မြေပြင်စစ်ရေးအခြေအနေရ မှတ်တမ်းယူထုတ်ပြန်နိုင်တာဖြစ်တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းကြီးပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ-၅၅ လက်အောက်ခံ တပ်ရင်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ပြည်သူတွေအသုံးမပြုဖို့ KNDF က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေသလို အရပ်သားသေဆုံးမှုတွေ လည်းရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.