ထားဝယ်၊ သြဂုတ်(၁၈)

တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ခံဗိုလ်ယက္ခက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၈၀ နီးပါး ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ သင်္ကန်းတုန်းကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိပေမယ့် အရေအတွက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ လိပ်ကြယ်ပြောင်ကျေးရွာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်သွားပြီး သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ ပခန်းကျေးရွာကို ဆက်လက်ထွက်ခွာသွားတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းထံကနေ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထားဝယ်အရှေ့တောဒေသထဲကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် သင်္ကန်းတုန်း၊ ဘဝပင်၊ လိပ်ကြယ်ပြောင်ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

တနင်္သာရီတိုင်းထဲမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည် သူလူထု ၃၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-ထားဝယ်စုပေါင်းစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.