ညောင်လေးပင်၊ သြဂုတ်(၁၈)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)ထဲကို ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်

။ညောင်လေးပင်ခရိုင် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ ရွှေကျင်၊ မုန်းနဲ့ ကျောက်ကြီးမြို့နယ်ထဲကို ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၄ ရက်အတွင်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီး အချက်ပေါင်း ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ် ပဲသောင်းကျေးရွာနေ ကျောင်းသူကျောင်းသားတွေဖြစ်တဲ့ အသက် ၁၃ နှစ် စောအယ်ကလူထူးနဲ့ အသက် ၁၆ နှစ် စောဘိုလိုသီးသေဆုံးခဲ့ရပြီး အသက် ၁၁ နှစ် စောခွားစီနဲ့ အသက် ၁၅ နှစ် နော်ဗြဲဗြဲ ပြင်းထန်ဒဏ်ရာရရှိခဲ့ ပါတယ်။

ဒါ့အပြင် သြဂုတ် ၁၄ ရက်နေ့ကလည်း ရွှေကျင်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အင်းကပ်ပလိပ်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းဆရာမ ၁ ဦးနဲ့ ကျောင်းသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သြဂုတ် ၁၆ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဇလုပ်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်ရှိ ကိုမောင်ထွေးနဲ့ အ သက် ၃၅ နှစ်ရှိ ကိုသန့်ဇော်တို့ ကျည်စထိမှန်သေဆုံးခဲ့ရတာပါ။

ဇူလိုင်လနဲ့ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ နံဇကျေးရွာရှိ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူ့ပိုင်နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ပျက်စီးထားပြီး စာရင်းမကောက်ရတဲ့ နေအိမ်တွေရှိသေးသလို နံဇကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.