ကျိုက်ထို၊ သြဂုတ်(၁၈)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် ကိုရဲသွေးညီရဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်၊ ရဲတွေအပါအဝင် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သြဂုတ် ၁၇ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ကိုရဲသွေးညီနေထိုင်ဖူးတဲ့ ယောက္ခမနေအိမ်ကို လာရောက်ချိပ်ပိတ်သွားခဲ့တာပါ။
စစ်ကောင်စီဟာ ကိုရဲသွေးညီရဲ့ ယောက္ခမနေအိမ်အား လာရောက်ချိပ်မပိတ်မီ ပြီးခဲ့တဲ့ ၄ ရက်လောက်ကတည်း မိသားစုဝင်တွေကို နေအိမ်ကနေဖယ်ပေးကြဖို့ လာရောက်သတိပေးသွားပြီးနောက် ဒီနေ့မှာပဲ ချိပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။
ကိုရဲသွေးညီဟာ အာဏာမသိမ်းခင်က နေအိမ်မှာသံပန်းသံတံခါးလုပ်ငန်းနဲ့ အေးဆေးစွာနေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ကာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာပါ။
ကိုရဲသွေးညီရဲ့ ဇနီးဖြစ်သူဟာလည်း ကျောင်းဆရာမတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။
စစ်တပ်လော်ဘီတွေကတော့ ကိုရဲသွေးညီဟာ ကျိုက်ထိုမြို့၊ ဂွတ်ရှယ်ထမင်းဆိုင် ဗုံးဖောက်ခွဲမှု၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့အတွက် သူနေထိုင်ဖူးတဲ့ နေအိမ်ကိုချိပ်ပိတ်ရတာလို့ ဝါဒဖြန့်ပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကြား သွေးခွဲမှုဖြစ်သလို ပြည်သူတွေကို အကြောက်တရားသွင်း ဖိနှိပ်မှုဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဝေဖန်တာပါ။
ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း NLDပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ် ၂၀ ထက်မနည်းကို ချိတ်ပိတ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခံထားရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်ချန်နယ်