မော်လမြိုင်၊ သြဂုတ်(၁၇)
ပြည်တွင်း ရွှေ၊ ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းဟာ သြဂုတ် ၁၆ ရက်နေ့မှာ တရှိန်ထိုးတက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ် အားလုံးနီးပါး ရပ်ဆိုင်းသွားပြီလို့ ငွေလဲလုပ်ကိုင်သူတွေနဲ့ ရွှေလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ဒေါ်လာဈေးနှုန်းဟာ ကျပ် ၃၇၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ဘတ်ဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်သွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမြင့်ဈေးမှာပဲရှိနေတဲ့ မီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် ၃၅ သိန်းဝန်း ကျင်ကနေ ကျပ် ၃၈ သိန်းကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာပြီး အရောင်းအဝယ် ရပ်နားထားရတာပါ။
ပြည်တွင်း ရွှေ၊ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်းတွေဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားတာ၊ ဈေးကွက်အတွင်း အပြိုင်အလိုက် ဈေးကစားမှုတွေကြောင့် ဈေးနှုန်းအဆမတန်မြင့်တက်တာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ထပ်မံမြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီဘက်က ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာလို့ ပြောပါတယ်။
“ဒေါ်လာဈေးက မနေ့က (၃၆၈၀) ပြင်ပပေါက်ဈေးကလေ။ ကမ္ဘာ့ရွှေဈေးကကျပေမယ့် အဲဒီဈေးနဲ့ဆိုရင် မြန်မာ့ရွှေဈေးက (၃၇) ကျော်သွားပြီလေ။ အဲဒီဒေါ်လာဈေးနဲ့ တွက်မယ်ဆိုရင်ပေါ့။ အဲဒီတော့ (၃၇) (၃၈) ပေါ့နော်။ ဒီတော့ အရောင်းအဝယ်တွေ ပိတ်ကြတယ်။ အခုလောလောဆယ်မှာ နည်းနည်းအန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေမှာဆိုးလို့ဆိုပြီး အများစုက ရွှေဈေးကိုသိပ်ပြီးတော့ မပြောချင်ကြဘူးပေါ့နော်။ ရောင်းမယ်ဆိုတဲ့သူတွေကလည်း အဝယ်ပိတ်ထားတယ်ဆိုပြီးတော့ ပြောကြတယ်။ အရောင်းရောအဝယ်ရော မလုပ်ရဲကြဘူး။ ရုတ်တရက်သူတို့ ဆွဲချလိုက်လို့ရှိရင် ဈေးကျသွားနိုင်တယ်။ ဆွဲမချနိုင်ဘူးဆိုလို့ရှိရင်လည်း ဆက်တက်မယ်ဆိုရင်လည်း အမြင့်ဈေးကို ဆက်ရောက်သွားနိုင်တယ်။ လူတွေကကြောက်ပြီးတော့ အရောင်းအဝယ်တွေကို ဆိုင်တွေကပိတ်ပြီးတော့ မလုပ်ရဲကြဘူး။ ဒေါ်လာဈေးက (၂)သောင်းတန်ဂယက် နောက်ပိုင်းမှာဖြစ်လာတဲ့ ဂယက်တွေနဲ့ ဒေါ်လာဈေးက ထိုးတက်သွားတာပေါ့နော်။ အဲဒီဒေါ်လာဈေးထိုးတက်သွားတဲ့အခါမှာ မထိန်းနိုင်တဲ့အချိန်မှာ အခုလိုမျိုးဖြစ်တာပေါ့ အဓိကက”လို့ ဆိုပါတယ်။
ရွှေဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားသလို တချို့ဆိုင်တွေကတော့ မီးလင်းခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂ သိန်းကျော်အထိ ဈေးခွာဝယ်ယူမှု အနည်းအကျဉ်းသာရှိတယ်လို့ သူကဆက်ပြောပါတယ်။
တဖက်မှာတော့ ဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်နေ့မှာ ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်လိုက်တာပါ။
ဒါပေမဲ့ ဘတ်ဈေးနှုန်းဟာ ကျပ်တစ်သိန်းကို ဘတ်ငွေ ၉၇၀ ဝန်းကျင်အထိ ပေါက်ဈေးရှိလာတဲ့အတွက် ငွေလဲလုပ်ကိုင်သူ အများစုအလဲအလှယ် ရပ်နားထားတဲ့အတွက် ငွေလဲသူတွေ အခက်ကြုံနေရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း စစ်ကောင်စီဟာ စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားပြီး လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ နိုင်ငံခြားငွေကြေး ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။
ငွေကြေးကျွမ်းကျင်သူတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေကြေးကြီးမြင့်မှုပြဿနာကို စစ်ကောင်စီဘက်က ဖြေရှင်းနိုင်ခြင်းမရှိရင် မြန်မာ့စီးပွားရေး အဆိုးဝါးဆုံး အခြေအနေတစ်ခုကို ထပ်မံရောက်ရှိလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media