မော်လမြိုင် – ဩဂုတ်(၁၇)
မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ KNLA/PDF ပူးပေါင်းတပ်တွေဟာ ခရီးသွားပြည်သူတွေအတွက် နေ့စဉ်လုံခြုံရေးယူပြီး စစ်ဆေးနေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်းက ဩဂုတ်လ(၁၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
နယ်မြေလုံခြုံရေးနဲ့ ဒေသစိုးမိုးရေးအတွက် စစ်ဆေးမှုတွေကို ပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ မြေပြင်တပ်မှူးတွေက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ(၁၆) ရက်နေ့က ရေးမြို့နယ်အတွင်းမှာရှိတဲ့ အောင်သပြေပိုင်နက် အောင်သုခ ဇရပ်အနီးမှာ မနက်(၉) နာရီကနေ နေ့လည်(၂)နာရီကျော်အထိ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်သားတွေ အရပ်သားကားတွေကိုအသုံးပြုပြီးသွားလာမှုရှိမရှိနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူ၊ပစ္စည်းတွေတင်ဆောင်တာရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြတယ်လို့ စစ်ဒေသခွဲ အမှတ်-၃ တောင်ပိုင်းတိုင်းက အသိပေးထားပါတယ်။
မော်လမြိုင်၊မုဒုံ၊ရေး၊သံဖြူဇရပ်၊ထားဝယ် မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ အနေနဲ့ KNLA တပ်ဖွဲ့ဝင်တွေ စစ်ဆေးချိန်မှာ ကြည်ဖြူစွာလက်ခံဖို့၊စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူ/ပစ္စည်းတွေတင်ဆောင်တာတွေမလုပ်ဖို့လည်း ဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ပိုင်ယာဉ်တွေကို လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အသုံးပြုတဲ့ယာဉ်တွေအနေနဲ့လည်း ကြည်ဖြူစွာ အစစ်ဆေးခံကြဖို့အတွက် ဒုစစ်ဒေသခွဲမှူးရုံး၊အမှတ်-၃ စစ်ဒေသခွဲ တောင်ပိုင်းတိုင်း(J.O.C) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – J.O.C