ကျိုက်ထို၊ သြဂုတ်(၁၇)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သြဂုတ် ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၄၀ မမအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့သလို ခရီးသွားကား ရာနဲ့ချီလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည် သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောဆိုထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းရုံး KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာထဲကို လက်နက်ကြီး အဆက်မပြတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။
ခရီးသွားပြည်သူတွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာ၊ ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတဲ့ စစ်ကောင်စီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ၇ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုဘက်ကနေ ဘီးလင်းဘက်ကိုလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media