ဖရူဆို၊ သြဂုတ်(၁၇)

ကယားပြည်နယ်၊ ဖရူဆိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အထိအခိုက်အကျဆုံး များပြားပြီးနောက် တပ်ပြန်ဆုတ်သွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ထီးသော်ကူကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေဟာ ဩဂုတ် ၁၅ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ထီးသော်ကူကျေးရွာကနေ ကဒါးလားကျေးရွာကို တပ်ပြန်ဆုတ်ခွာသွားပြီး အင်အားပြန် လည်ဖြည့်တင်းနေတယ်လို့ KNDF ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ပူးပေါင်းစစ်ကြောင်းက တပ်ရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး တခြားအဆင့်တွေ အများအပြား သေဆုံးတာတွေရှိသလို ရှိပေမယ့် အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဖရူဆိုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ခဲယမ်းအများအပြား သိမ်းဆည်ရမိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံကနေ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖရူဆိုတိုက်ပွဲအတွင်း တပ်အရာရှိတချို့ သေဆုံးခဲ့တယ်ဆိုတဲ့ ဖော်ပြထားတာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း မြေမြှုပ်မိုင်းတွေထောင်ထားခဲ့သလို ပတ်ဝန်းကျင်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ကြိုးစားနေတာဟာ ထိုင်း-ကယား နယ်စပ်က ဆုံးရှုံးထားရတဲ့ မယ်စဲ့စခန်းကုန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်မှာ အားကောင်းတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှိုဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.