တနင်္သာရီ၊ သြဂုတ်(၁၇)

အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တနင်္သာရီတိုင်းတိုင်းဒေသကြီး စစ်ကောင်စီအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာမှာ ဗိုလ်မှူးကြီး နောက်တစ်ဦးကို အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာမှာကို စစ်တက္ကသိုလ်က နည်းပြအရာရှိ ဗိုလ်မှူးကြီးမင်းမင်းလတ်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရတဲ့ ဗိုလ်မှူးကြီး မင်းမင်းလတ်ဟာ ပြီးခဲ့တဲ့လကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ခန့်အပ်စာကို အခုမှထုတ်ပြန်တာလို့ စစ်ကောင်စီ တနင်္သာရီတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ်ဝင်းကျော်နဲ့ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့မှာ နေပြည်တော် စစ်ကောင်စီအထူးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။

အဂတိလိုက်စားမှု စစ်ဆေးခံနေရတဲ့ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးသိန်းလင်းရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိတ်ပိတ်ထားသလို လာဘ်ပေးမှုတွေနဲ့ဆက်စပ်တယ်လို့ဆိုပြီး မြိတ်နဲ့ကော့သောင်းက လုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးနေတဲ့ ဒုတိုင်းမှူးနေရာကို စစ်ဗျူဟာဌာနချုပ်က ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ အမှတ် ၂၀ စကခမှူးနေရာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်းကို ပြောင်းလဲ ခန့်အပ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.