နေပြည်တော်၊ သြဂုတ်(၁၇)
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားချိန်နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်အတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုတွေ နည်းပါးခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
ဩဂုတ် ၁၅ ရက်နေ့က ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မာတင်ဂရစ်ဖစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။
ဒီတွေ့ဆုံမှုမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အခြေအနေတွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
UNOCHA အကြီးအကဲရဲ့ ဒီခရီးစဉ်ဟာ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီခွင့်ရဖို့လာရောက်တာဖြစ်ပြီး စစ်ခေါင်းဆောင်က သူတို့ပိတ်ပင်ထားတဲ့ ကူညီခွင့်အစား အကူအညီရရှိမှု နည်းပါးခဲ့တယ်လို့ ပြောဆိုလာတာပါ။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေကို အရေးပေါ်အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်နဲ့ ကန့်သတ်မှုတွေကြောင့် ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသလို UNOCHA အနေနဲ့ မုန်တိုင်းသင့်ဒေသတွေကို ကူညီခွင့်ရဖို့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။
ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးဟာ နှစ်ဖက်ဆွေးဆွေးမှုအပေါ် မူတည်နေပြီး အကူအညီလိုအပ်မှု ဆက်ရှိနေဆဲ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘယ်လိုပုံစံမျိုးနဲ့မြန်မြန်ဆန်ဆန်ရောက်နိုင်မလဲ။ ဘယ်လိုပုံစံမျိုးနဲ့ချဉ်းကပ်ရင်အဆင်ပြေမလဲ။ယူအန်ဆိုလည်း ယူအန်နဲ့ အခုလက်ရှိအစိုးရနဲ့ ဘယ်လိုပုံစံမျိုးနဲ့ဆွေးနွေးထားတယ် ဆိုတာမျိုးပေါ်မှာပဲ မူတည်မယ် ထင်တယ်ခင်ဗျ။ အဆင်ပြေတယ်၊ မပြေဘူးဆိုတာကသူတို့ကြားထဲမှာ ပုံစံတစ်ခုခုတော့ရှိမှာပေါ့နော်။ ဆိုတော့အဲဒီ အပိုင်းတွေကကျတော့ ကျွန်တော်တို့ကပြောဖို့ခက်တာပေါ့နော်။ အဓိကကတော့ ဘယ်အဖွဲ့အစည်းမဆို လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိပြီးတော့ လုပ်လို့ကိုင်လို့အဆင်ပြေဖို့က အရေးကြီးဆုံးပဲ။ လိုအပ်နေတာက ဒီနေ့မှလိုအပ်နေတာမဟုတ်ဘူး။ ဖြစ်ပြီးကတည်းကလိုအပ်နေတာဆိုတော့ အဖွဲ့အစည်းတွေကသွားတယ်ဆိုပေမယ့် ရောက်သင့်သလောက် မရောက်ဘူးဆိုတဲ့ အနေ အထားမှာရှိတယ်” လို့ပြောလို့ရတယ်။
ဒါ့အပြင် အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီအနေနဲ့ ပြည်သူများလိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်မာစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ လိုအပ်နေမှု အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတင်ပြချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်တွေ့မြေပြင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေပြီး ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို အစီရင်ခံစာတွေ အမြဲတမ်းထုတ်ပြန်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ပြောနေတဲ့ ပါတီစုံဒီမိုကရေစီဆိုတာ ဗမာပြည်ရဲ့ နိုင်ငံရေးကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်နိုင်ဖို့ ကြိုးပမ်းနေတဲ့အတိုင်း လက်တွေ့မြေပြင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ လက်တွေ့ မြေပြင်အခြေအနေမှာကတော့ ဗမာပြည်မှာ ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ်နေတယ်၊ ဖမ်းဆီးထောင်ချနေတယ်၊ အိမ်တွေကို မီးရှို့နေတယ်စသဖြင့် အဲဒီလိုလုပ်ငန်းတွေ လုပ်နေတဲ့အတွက် အခုကပြည်သူတွေရဲ့ တုံ့ပြန်ဆန့်ကျင်မှုကို ဘက်ပေါင်းစုံကနေပြီးတော့ ခံစားနေရတဲ့အချိန်မှာ အဲဒီကိစ္စတွေကို ပြန်ပြောပြနေလည်း တစ်ကမ္ဘာလုံးက သိပြီးသားပါ။ ကုလသမဂ္ဂကလည်း မကောင်းတတ်လို့ နား ထောင်နေရတာ။ တကယ့်မြေပြင်အခြေအနေတွေက ဘာလဲဆိုတာ ကုလသမဂ္ဂက အစီရင်ခံစာတွေ အမြဲတမ်းထွက်နေတယ်”လို့ သူက ဆိုပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှု အခြေအနေတွေကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သတင်းမှားတွေ ပြန့်နှံ့နေမှုနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခြေအနေမှန်တွေကိုသိရှိဖို့ လိုအပ်နေမှု အခြေအနေတွေကိုလည်း UNOCHA အကြီးအကဲနဲ့ တင်ပြဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂရဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ ၂၀၂၁ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးကြရသူ ၁ ဒသမ ၆ သန်းနီးပါး ရှိလာပြီလို့ ဩဂုတ် ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI