နယူးဒေလီ၊ သြဂုတ်(၁၈)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုင်းရင်းဆေးဝါးတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးအစည်းအဝေး တစ်ရပ်ကို သြဂုတ်(၁၇)ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီတိုင်းရင်းဆေးဝါးတွေကို သိပ္ပံနည်းကျ သက်သေပြနိုင်ပါက သဘာဝထွက်ကုန်တွေအပေါ် အခြေခံထားတဲ့ ကုသမှုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျိုးရှိတဲ့ အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်လာနိုင် တယ်လို့ WHO ကပြောကြားထားပါတယ်။
တိုင်းရင်းဆေးနဲ့ ကုထုံးတွေကို နိုင်ငံရေးကတိကဝတ်နဲ့ သက်သေအခြေပြုလုပ်ဆောင်ချက်တွေ ဆီ ဦးတည် တွန်းပို့နိုင်ဖို့ အိန္ဒိယနိုင်ငံမှာ မူဝါဒပြဌာန်းသူတွေနဲ့ ပညာရှင်တွေအကြား ဆွေးနွေးပွဲ လုပ်ဆောင်နေတာပါ။
အဲဒီပွဲမှာ ကုလကျန်းမာရေးအေဂျင်စီက တိုင်းရင်းဆေးတွေဟာ ကမ္ဘာပေါ်ရှိသန်းပေါင်းများ စွာသော လူတွေ အတွက် ပထမဆုံးဆိပ်ကမ်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တိုင်းရင်းဆေးတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ကို ဖြည့်တင်းနိုင်ပေမယ့်လည်း နောက်ဆုံးပေါ် သိပ္ပံနည်းကျ သက်သေခံချက်တွေပေါ်မှာသာ အခြေခံပြီး သင့်လျော်မှုရှိရှိ၊ အကျိုးရှိစွာသုံးစွဲမှ တန်ဖိုးရှိမှာ ဖြစ်တယ်လို့ WHO အကြီးအကဲက ပြောကြားခဲ့ပါတယ်။
WHOရဲ့ ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေး ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ ဂန္ဓီနာဂါမြို့ မှာG20 ကျန်းမာ ရေးဝန်ကြီးများ အစည်းအဝေးနှင့်အတူ နှစ်ရက်တာ ကျင်းပခဲ့တာပါ။
“တိုင်းရင်းဆေးဝါးကို သိပ္ပံနည်းနဲ့စနစ်တကျတိုးမြှင့်ခြင်းကို အခြားသော ကျန်းမာရေးဆိုင်ရာ နယ်ပယ်တွေရဲ့ တူညီတိကျတဲ့ စံနှုန်းတွေအတိုင်း ဆောင်ရွက်သင့်ပါတယ်။ ဒီထက်ပိုပြီး ဘက်စုံကိုင်တွယ်ဖြေရှင်းဖို့နဲ့ မူဝါဒ အကြံပြုချက်တွေကို ခိုင်လုံတဲ့အထောက်အထားနဲ့ ရှာဖွေရမှာဖြစ်ပြီး တွေးခေါ်မှုကို စတင်ပြောင်းလဲရမှာပါ” လို့ WHO ရဲ့သုတေသနအကြီးအကဲက ဆက်လက်ပြောကြားခဲ့ပါတယ်။
WHO ကွန်ဖရင့်ကို ဗီဒီယိုဖြင့်တက်ရောက်ဖို့ရှိတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကတောင် ယောဂလေ့ကျင့်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးကုထုံးဖြစ်ကြောင်း မကြာခဏပြောလေ့ရှိတာပါ။
အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်မှာ WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးစင်တာကို ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးထိပ်သီး ညီလာခံကို နှစ်စဉ်ကျင်းပဖို့ စီစဉ်ထား တာလည်း ဖြစ်ပါတယ်။
Ref:Straits Times