လောင်းလုံး၊ သြဂုတ်(၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးကို လာဖမ်းတဲ့ စစ်ကောင်စီတပ်ဟာ သားဖြစ်သူကို မတွေ့တာကြောင့် ဖခင်ဖြစ်သူ ဦးအောင်ဖေကို နေအိမ်မှာပဲ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ နေအိမ်မှာကိုမင်းလွင်ဦးရဲ့ ကျောင်းသားသမဂ္ဂလက်ပတ်တစ်ခုနဲ့ အင်္ကျ ီတစ်ထည်တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သြဂုတ် ၁၂ ရက်နေ့မှာ ဖခင်ဖြစ်သူကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အမှုဖွင့်လိုက်တာပါ။

လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဦးအောင်ဖေကို သြဂုတ် ၁၃ ရက်နေ့က မိသားစုဝင်တွေ တွေ့ဆုံခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။

ကိုမင်းလွင်ဦးကတော့ ဘာမှမဆိုင်တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ရဲ့ လမ်းစဉ်အတွက် တစ်စုံတစ်ရာမှတ်ချက်မပေးတော့သလို စစ်အာဏာရှင်ကျဆုံးရေးအတွက် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို ဓါးစားခံအဖြစ်လာဖမ်းစဉ် နေအိမ်ကနေ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၈ သိန်းနဲ့ ပစ္စည်းတချို့ကိုလည်း အတင်းအဓမ္မယူဆောင်သွားတာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ကိုမင်းလွင်ဦးကို စစ်ကောင်စီက တိုင်းပြည်ဆူပူအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပေးသူတွေကို ကျပ်သိန်း ၃၀၀ ဆုချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Min Lwin Oo- Fb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.