ကော့ကရိတ်၊ သြဂုတ်(၁၅)
နွေဦးတော်လှန်ရေးဟာ အုပ်ချုပ်သူအပြောင်းအလဲ မဟုတ်ဘဲ စနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အတွက် အမူအကျင့်ဟောင်းတွေ ပြောင်းလဲပစ်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကိုလိုနီနယ်ချဲ့ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အုပ်ချုပ်သူပြောင်းလဲသွားသည့်တိုင် စစ်တပ်ကတော့ ၁၉၅၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၇၀ ကျော် ဒီကနေ့ကာလအထိ တိုင်းပြည်အတွက် အကြီးမားဆုံး အတားအဆီးဖြစ်နေတာပါ။
မြန်မာစစ်တပ်ဟာ စစ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေးအပြင် ကဏ္ဍပေါင်းစုံမှာ ခြယ်လှယ်ခဲ့တာကြောင့် တိုင်းပြည်ဟာ အဘက်ဘက်ကနေ နိမ့်ကျလာပြီး လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်မီး ပိုမိုတောက်လာပါတယ်။
စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်းရေးဟာ စနစ်သစ်အပြောင်းအလဲနဲ့အတူ အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းပြီး တိုင်းသစ်ပြည်သစ် တည်ထောင်ဖို့ ဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
“အဲဒါကြောင့်မို့ ကျွန်တော်တို့ပြောတာ Regime Change မကဘူး၊ System Change ဖြစ်တဲ့ စနစ်သစ်အပြောင်းအလဲ အရင်က အတွေးအခေါ်ဟောင်းတွေ၊ အမူအကျင့်တွေ၊ တွေးပုံခေါ်ပုံတွေ၊ အဲဒါတွေက အကုန်လုံးပြောင်းလဲပစ်ရမယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာဗျာ စစ်အာဏာရှင် စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို စစ်အာဏာရှင်စနစ်က မကောင်းဘူးပြောတယ်ဆိုပြီး စစ်အာဏာ ရှင်မဟုတ်တဲ့ အရပ်သားအာဏာရှင်ဆိုတာ မရှိဘူးလား၊ ရှိတယ်။ ကမ္ဘာမှာလည်း ရှိခဲ့တာပဲ။ အဲဒါကြောင့်မို့ ဘယ်အာဏာရှင်စနစ်မဆို ကျွန်တော်တို့ အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်ဖို့လိုတယ်။ အဲဒါ ကျွန်တော်တို့ သဘောထားပဲ။ အဲဒါကြောင့် တိုင်းသစ်ပြည်သစ်ကို ထူထောင်မှာဖြစ်တယ်”လို့ သူက ဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူအပြောင်းအလဲမဟုတ်ဘဲ စနစ်ပြောင်းတော်လှန်ရေးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ဩဂုတ် ၇ ရက်နေ့မှာ ပူးတွဲကြေညာခဲ့တာပါ။
ဒီအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ NUCC၊NUG တို့နဲ့ သဘောထားရပ်တည်ချက် အတူတကွဖြစ်ကြောင်း ပဒိုစောတောနီးက အတည်ပြုပြောဆိုလာတာပါ။
တဖက်မှာတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း KNU အပါအဝင် EAO တွေကို သွေးခွဲမက်လုံးပေး စည်းရုံးမှုတွေရှိနေသလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း လက်ခံနိုင်စရာမရှိဘူးလို့ ပဒိုစောတောနီးက တုံ့ပြန်တာပါ။
“တပ်မဟာ ၈ ဖွဲ့မယ်ဆိုတာ ကျွန်တော်တို့ သိလည်းမသိဘူး။ ကြားလည်းမကြားမိဘူး။ ဒါပေမယ့်အပြင်ကနေ ပြောနေကြတာ အများကြီးပဲ။ ဒါတရားဝင်ထုတ်ပြန်တဲ့ အချက်အလက်အရ ကြည့်ရမယ်ဆို ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က KNLA တပ်ရင်း ၂၇ က ထုတ်ပြန်ထားတာပဲ။ တပ်ရင်း ၂၇ က တပ်မဟာ ၈ မှ မဟုတ်ပဲ။ ဒါက တပ်မဟာ ၆ ထဲက ရှိတဲ့အဖွဲ့ပဲလေ။ ကျွန်တော်တို့မှာ တပ်မဟာ ၆ နယ်မြေ၊ နောက်တပ်မဟာ ၄ နယ်မြေ ထိစပ်နေတာပဲ။ အဲဒီအပေါ်မှာ လစ်ဟာနေတဲ့နေရာအပေါ် သူတို့ လှုပ် ရှားတာတော့ရှိမှာပေါ့။ တစ်ခါတလေ ဖြတ်သွားဖြတ်လာရှိမှာပေါ့။ နောက်ပြီး အမှတ် ၈ ပြည်ထောင် စုလမ်းမပေါ်မှာ ကင်းလှည့်တာတွေက လုပ်နေကျအလုပ်တွေဖြစ်သွားပြီ။ တပ်မဟာသစ်ဖွဲ့တယ်ဆိုတာ ကျွန်တော်တို့အထဲမှာ ဘာမှမကြားဘူး”လို့ သူက ဆိုပါတယ်။
ကရင်အမျိုးအသားအစည်းအရုံး (KNU) ဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
ဒါပေမယ့် စစ်တပ်ဟာအာဏာသိမ်းပြီးနောက် NCA စာချုပ်မှာပါတဲ့ အခန်း (၁) အခြေခံမူတွေကို နင်းချေဖျက်ဆီးလိုက်တဲ့အတွက် အပစ်ရပ်စာချုပ် NCA က ပျက်ပြယ်သွားပြီဖြစ်သလို လိုက်နာစရာအ ကြောင်းမရှိတော့ဘူးလို့ ဒီရက်ပိုင်းအတွင်း KNU က ထုတ်ပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြို့ပြကို စွန့်ခွာလာကြတဲ့ လူငယ်တွေကို KNU က စစ်သင်တန်းပေးတာအပြင် နွေဦးတော်လှန်ရေးမှာလည်း PDF တပ်ဖွဲ့တွေနဲ့အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့KNU ထိန်းချုပ်နယ်မြေထဲက စစ်တောင်းမြစ် အနောက်ဘက်ခြမ်း (ညောင်လေးပင်ခရိုင်)၊ ပျဉ်းမနား၊ လိပ်သို၊ ကယားနယ်စပ်ကနေ တောင်ဘက်ခြမ်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနဲ့ထားဝယ်စတဲ့ နယ်မြေတွေအထိ စစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး ပိုမိုထိန်းချုပ်လာနိုင်တယ်လို့ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU