အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေး အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက်ကို သြဂုတ် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီပူးတွဲကြေညာချက်ထဲမှာ နွေဦးတော်လှန်ရေးမှာ (Regime Change) အုပ်ချုပ်သူအပြောင်းအလဲမဟုတ်တဲ့ ခေတ်စနစ်အပြောင်းအလဲ (System Change) ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်အာဏာသိမ်းအလေ့အထနဲ့ စစ်တပ်ရဲ့ နိုင်ငံရေး မှာပါဝင်နေမှုကို ထာဝရအဆုံးသတ်ချုပ်ငြိမ်းရေးအပါအဝင် အချက် ၆ ချက် ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက် ကြေညာရတဲ့ အခြေအနေ၊ တပ်မဟာ(၈) ဖွဲ့စည်းဆောင်ရွက်သွားဖို့ ရှိမရှိနဲ့ KNU ကို စစ်ကောင်စီဘက်က မက်လုံးပေး စည်း ရုံးမှုတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက် ကြေညာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ပြီးခဲ့တဲ့ ဩဂုတ်၆ရက်နေ့က (NUG)၊ (NUCC)  ထုတ်ပြန်ချက်ထဲမှာပါတာ အုပ်ချုပ်သူအပြောင်းအလဲ တိုင်းပြည်မှာ ကြုံတွေ့နေရတာဲအစိုးရ တစ်ဖွဲ့ပြောင်းသွားလည်း ဘာမှမထူးဘူး။ နောက်တဖွဲ့တက်လာလည်း ဘာမှမထူး ဘူး။ အဲဒီလိုဖြစ်နေတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့က အုပ်ချုပ်သူအပြောင်းအလဲနဲ့ ဘာမှမပြီးနိုင်ဘူး။ အုပ် ချုပ်သူအပြောင်းအလဲရော၊ စနစ်သစ်အပြောင်းအလဲရော တစ်ခါတည်း လုပ်နိုင်ဖို့လိုအပ်တယ်။ ဒါပေမယ့် ကျွန် တော်တို့ တိုင်းပြည်မှာစစ်တပ်ပဲ။ စစ်တပ်က ၁၉၅၈၊ ၁၉၆၂တည်းက စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ခြယ် လှယ်လာခဲ့တာ ကဏ္ဍပေါင်းစုံပါပဲ။ နိုင်ငံရေးမက စီးပွားရေးအကုန်လုံးပဲ အဲဒီလိုလုပ်တဲ့အခါမှာ သူကအကျပ် အတည်းတွေ့ပြီး အပြောင်းအလဲဖြစ်သွားပြီးဆိုပြီး ပြန်ကြည့်လိုက်ရင် ဘာမှမထူးဘူး။ ဒီလူတွေက ပြန်ပြန် အုပ်ချုပ်နေကြတာပဲ။ ဒါကြောင့် လူချင်းပြောင်းလဲတာတင်မကဘူး။ စနစ်ပြောင်းလဲ အရင်က အတွေးအ ခေါ်တွေ၊ အမူအကျင့်တွေ၊ အဲဒါတွေ အကုန်ပြောင်းလဲပစ်ရမယ်။ စစ်အာ ဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင် စနစ်မဆို စစ်အာဏာရှင်စနစ်က မကောင်းဘူးဆိုပြီး စစ်အာဏာရှင်မဟုတ်တဲ့ အရပ်သားအာဏာရှင်လည်း ရှိတယ်။ အဲဒီတော့ ဘယ်အာဏာရှင်စနစ်မဆို အပြီးအတိုင် ချုပ်ငြိမ်းအောင်လုပ်ဖို့ လိုတယ်။ အဲဒီသဘောထားပဲ။

 ၂။ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU ကို မက်လုံးပေး ကမ်းလှမ်းတာတွေ လုပ်ဆောင်ထား တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ KNU အနေနဲ့ ဘာတုံ့ပြန်ချင်တာ ရှိမလဲ။ စစ်ကောင်စီဘက်က ဘယ်လို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတာ ရှိလဲ။

ကရင်အမျိုးသားအစည်းအရုံးကို မက်လုံးပေးတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း အပြင်ကနေ ကြားနေရ တာပဲ။ သူ့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေတာပဲ။ လုပ်လည်းလုပ်နေတာပဲ။ တကယ် ငြိမ်းချမ်းရေးကိုသော် လည်းကောင်း၊ တကယ့်စည်းလုံးညီညွတ်ရေးကိုသော်လည်းကောင်း လိုချင်တာမဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေ စည်းလုံးမှုမရအောင် အမြဲတမ်းထိုးခွဲနေတဲ့ အလေ့အထတွေ၊ သွေးခွဲအုပ် ချုပ်ရေးကိုကျင့်သုံးနေတာ။ သွေးခွဲအုပ်ချုပ်ရေးစနစ်ကသာ အနိုင်ယူလို့ရတယ်။ အဲဒါကိုသူဆက်သုံးနေတာ။  ဟိုအဖွဲ့ကိုခေါ်တွေ့လိုက်၊ ဒီအဖွဲ့ကိုခေါ်တွေ့လိုက်နဲ့ ဟိုနားမက်လုံးပေး၊ ဒီနားမက်လုံးပေးနဲ့ မရိုးနိုင်တဲ့ မဲပြာ ပုဆိုးဟောင်းကိုပဲ ဝတ်ပြနေတာ ။ ကျွန်တော်တို့က ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်မှုမျိုးကို ဘယ်လိုမှ လက်ခံလို့မ ရဘူး။ အဲ့ဒါ ကျွန်တော်တို့ရဲ့ သဘောထားရှင်းလင်းချက်ပဲ။

၃။ မွန်ပြည်နယ် ရေးချောင်းဖျာဒေသမှာ KNU တပ်မဟာ(၈) ဖွဲ့စည်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။ တပ်မဟာ(၈) ဖွဲ့စည်းဖို့ ရှိလား၊ ရှိရင် ဘယ်လိုပုံစံမျိုး ဖွဲ့စည်းဆောင်ရွက်သွားဖို့ ရှိနေလဲ။ တဆက်တည်း မွန်ပြည်သစ်ပါတီရဲ့ လုံခြုံရေးကင်းလှည့် ဆောင်ရွက်မှုအပေါ် ဘယ်လို မြင်ပါသလဲ။ ဒီအပေါ်မှာ ဘာပြောချင်တာရှိမလဲ။

တပ်မဟာ၈ဖွဲ့မယ်ဆိုတာ ကျွန်တော်တို့ သိလည်းမသိဘူး။ ကြားလည်းမကြားမိဘူး။ ဒါပေမယ့် အပြင်ကနေ ပြောနေကြတာ အများကြီးပဲ။ ဒါတရားဝင်ထုတ်ပြန်တဲ့ အချက်အလက်အရ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဩဂုတ် ၁၀ရက်နေ့က  KNLA တပ်ရင်း၁၇က ထုတ်ပြန်သွားတာပဲ။ ဒီတပ်ရင်း ၁၇က တပ်မဟာ၈မှမဟုတ်ပဲ။ ဒါက တပ်မ ဟာ၆အခွဲပဲ။ ကျွန်တော်တို့မှာ တပ်မဟာ၆နယ်မြေ၊ တပ်မဟာ ၄နယ်မြေအထိ စတာပဲ။ အဲဒီအပေါ်မှာတော့ လစ်ဟာတဲ့နေရာတွေ သူတို့လှုပ်ရှားတာတော့ ရှိတာပေါ့။ တစ်ခါတလေ ဖြတ်သွားဖြတ်လာတာတွေ အဲဒါမျိုး။

အမှတ်၈ ပြည်ထောင်စုလမ်းမပေါ်မှာ သူတို့ ကင်းလှည့်တာတွေ အဲဒါတွေက လုပ်နေကျပဲလေ။ တပ်မဟာ၈ ဖွဲ့တာ ကျွန်တော်တို့ ကြားလည်းမကြားမိဘူး။ အဓိကက ကျွန်တော်တို့ ကရင်အတွက်ရော၊ အဲဒီနားမှာရှိတဲ့ မွန်အတွက်ရော။ ဒီနေ့ဒီကာလမှာ စစ်အာဏာရှင်စနစ်ရှိတဲ့အတွက် ကျွန်တော်တို့ ဘယ်အဖွဲ့အတွက်မှ မ ကောင်းဘူး။ အဲဒီတော့ လုပ်ရမယ့်အလုပ်က လက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျအောင် လုပ်ရမှာဖြစ်တယ်။ အဲဒီတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်းမှုလွဲမှားနေတာကို တတ်နိုင်သလောက် ရှောင်ရမှာဖြစ်တယ်။

နားလည်မှုပိုကောင်းသွားအောင် ဆက်လက်ပြီး ပိုကြိုးသွားရမှာဖြစ်တယ်။ ဒီဟာက ကျွန်တော်တို့ လုပ်ရမယ့်အ လုပ်လေ။ အဓိကက ကျွန်တော်တို့ မွန်ရော၊ ကရင်ရောက အများကြီး ရှေ့လာမယ့်ကာလမှာ ဆွေးနွေးလုပ် ဆောင်ရမယ့် အရာတွေအများကြီးရှိတယ်။ ကျွန်တော်တို့နဲ့ မွန်တင်မကဘူး။ ကျွန်တော်တို့ KNU ဆို ခရိုင်၇ခုကို အဓိကထား ကြိုးစားနေတာလေ။ လက်ရှိမှာဖြစ်တဲ့ ခရိုင်၇ခုအပြင် မွန်တင်မကဘူး။ ဗမာလူမျိုးတွေလည်း ရှိတယ်။ ပအို့ဝ်တွေ၊ ရှမ်းတွေ၊ ကျွန်တော်တို့နဲ့ထိတွေ့ ထိစပ်ရောနှောနေကြတာပဲလေ။

အနာဂတ်မှာဖော်ဆောင်မယ့် ကော်သူးလေပြည်ဆိုတာ ကျွန်တော်တို့လည်း တရားဝင်ပြောပြီးပြီလေ။ လူမျိုး ပေါင်းစုံနဲ့ အတတ်နိုင်ဆုံး အပြေလည်ဆုံးဖြစ်အောင် ညှိနှိုင်းသွားမှာဖြစ်တယ်။ ပြောချင်တာက ဒီနေ့ဒီကာလမှာ အရေးကြီးဆုံးက စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်သွားဖို့ပဲ ဖြစ်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.