ကျုံဒိုး၊ သြဂုတ်(၁၅)

ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းက ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၅)တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာက်ကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကရင်ကျောက်ဖျာရွာနေ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးနဲ့ လယ်ထွန်စက်တစ်စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးရဲစခန်းနဲ့ ကျုံဒိုးအခြေစိုက် ခမရ(၅၄၅)တပ်ရင်းတို့ကို ဂဠုန်စစ်ကြောင်း ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရကာ ကားတစ်စီးပျက်စီးခဲ့ပြီး ခမရ(၅၄၅)တပ်ရင်းမှူးကတော့ ဦးခေါင်းဒဏ်ရာပြင်းထန်စွာနဲ့ ဆေးကုသနေရတယ်လို့ ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်ခဲ့တဲ့အတွက် ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာက ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ဒေသခံ ၉ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.