မူဆယ် – ဩဂုတ်(၁၄)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ဒေသခံလေးဦးကို စစ်ကောင်စီ ဩဇာခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီးနောက် တစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ တအောင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေကို TNLA တပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာ ဖြစ်ကာ မျက်နှာကိုအဝတ်တွေနဲ့စွပ်ထားပြီး အစာမကျွေးဘဲ(၂)ရက်တိုင်တိုင် ထိုးကြိတ်ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်အဖွဲ့ဟာ ဖမ်းဆီးသွားတဲ့ပြည်သူလေးဦးထဲက အသက်(၂၄) နှစ် အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ကျန်(၃)ဦးကိုလည်း မျက်နှာတွေမှာအဝတ်နဲ့စည်းပြီး မန်မိုင်ရွာအနီးမှာရှိတဲ့ အမှိုက်ပုံမှာ လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လဆန်းမှာ TNLA နဲ့ စစ်ကောင်စီတို့ကြား မူဆယ်မြို့နယ် အတွင်းတိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပြည်သူ့စစ်အဖွဲ့က နမ့်ကတ်အုပ်စု မိုင်းဆက်ရွာနဲ့ မန်ကန်ရွာဒေသခံတွေကို ဖမ်းဆီးနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာဖြစ်စေ တိုက်ပွဲမဖြစ်ပွားတဲ့နေရာဖြစ်စေ ပြည်သူတွေကို အဓမ္မဖမ်းဆီးတာ၊နှိပ်စက်သတ်ဖြတ်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.