ဂန့်ဂေါ – ဩဂုတ်(၁၄)

မကွေးတိုင်း၊ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးအစပ်က ဘူးလတ်လှဆွေရဲ့ ပျူစောထီးကျေးရွာတွေမှာ လူသုံးကုန်ပစ္စည်းပြတ်လတ်မှုနဲ့ အငတ်ဘေးစိုက်နေတဲ့အတွက် စစ်တပ်ကို နယ်မြေရှင်း လင်းပေးဖို့ ပျူစောထီးဆရာတော်တပါးက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က စစ်ကောင်စီတပ်ကို အကူအညီတောင်းထားတာဖြစ်ပြီး ပျူစောထီးအိမ်ထောင်စု (၇၀၀၀) ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားတာပါ။

“ကျေးရွာပေါင်းဆယ်ရွာကျော်ကပျူစောထီးတွေငတ်နေကြတာတော့ကြာပြီ။ ပိုက်ဆံရှိလည်း ဝယ်မရဘူး။ အဲဒီဘက်အပိုင်းမှာ PDF တွေအားကောင်းတယ်။ ဒါကြောင့် စစ်တပ်ကို အကူအညီတောင်းထားတာလို့” ပျူစောထီးတွေရဲ့ အကူအညီတောင်းစာလက်ခံရရှိထားသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီကို အကူအညီတောင်းခံထားတဲ့ ကျေးရွာတွေဟာ ဂန့်ဂေါနဲ့ ကလေးမြို့နယ် အစပ်က ကျောက်ပြုတ်၊ကြံသာ၊အင်းကျွန်း၊ကျောက်ဆည်၊မန္တာ၊သာယာဝတီ၊လယ်ကြီး(အရှေ့)၊လယ်ကြီး (အနောက်)၊မြောက်ခင်ရန်း၊ရွှေမေတ္တာ၊ကုက္ကားနဲ့ ဟံသာဝတီကျေးရွာတွေကဖြစ်တယ်လို့ သိရပါတယ်။

ပျူစောထီးရွာတွေဟာ ကလေးမြို့နယ်ကို စျေးဝယ်သွားကြရတာဖြစ်ပြီး လမ်းတလျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတာကြောင့် ဖမ်းဆီးခံရတာနဲ့ ပစ္စည်းတွေ သိမ်းဆည်းခံနေရတာတွေကြုံနေရတယ်လို့ စစ်ကောင်စီကို အကူအညီတောင်းခံထားတဲ့စာမှာ ဖော်ပြထားပါတယ်။


အဲဒီလို အခက်အခဲတွေကြုံတွေ့နေရတာကြောင့် စစ်ကောင်စီအနေနဲ့ စက်တင်ဘာလအတွင်း နယ်မြေရှင်းလင်းပေးဖို့ နဲ့ နယ်မြေရှင်းလင်းရေးမဆောင်ရွက်ပေးပါက အငတ်ဘေးနဲ့ ရင်ဆိုင် ရတော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မကွေးတိုင်း၊ဂန့်ဂေါနဲ့ ကလေးအစပ်မှာရှိတဲ့ ပျူစောထီးကျေးရွာတွေမှာ စစ်တိုက်နိုင်သူ (၈၀၀) ဝန်းကျင်ရှိပေမယ့် လက်နက်မရှိတဲ့အတွက် လက်နက်တပ်ဆင်ပေးဖို့လည်း ပျူစောထီးခေါင်း ဆောင် ကလေးဆရာတော် အရှင်ဣန္နောဘာသ ဆိုသူက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိအချိန်မှာတော့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာလည်း စစ်ကောင်စီရဲ့ အကာအကွယ်ပေးမှုကို မရရှိတော့ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်တပ်ထောက်ခံသူ ပျူစောထီးဘုန်းကြီးတပါးပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.