သံဖြူဇရပ်၊ သြဂုတ်(၁၃)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ၊ ရွာသာယာကျေးရွာအနီးမှာ သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းက မြေသယ်ယာဉ်နဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်ကနေ သံဖြူဇရပ်မြို့နယ်သို့ မောင်းနှင်လာတဲ့ မြေသယ်ယာဉ် ၄ စီးမှာ ရိုဟင်ဂျာတွေ လိုက် ပါလာတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ စောင့်ဆိုင်းစစ်ဆေးပြီးနောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့သူတွေမှာ ရိုဟင်ဂျာအမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၁၈ ဦး ၊ စုစုပေါင်း ၁၄၅ ဦးကို ပါဝင်ပြီး သူတို့ကိုတော့ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းက စက်လှေနဲ့ ထွက်လာတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ကလည်း မလေးရှာသို့သွားမယ့် ရိုဟင်ဂျာ ၅၅ ဦး လိုက်ပါလာတဲ့ စက်လှေတစ်စီးဟာ ရခိုင်ပြည်နယ် စစ်တွေပင်လယ်ပြင်မှာ နစ်မြှုပ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကနဦးမှာ ရိုဟင်ဂျာ ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိထားတာပါ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံခဲ့ရသေးတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.