မြိတ်၊ သြဂုတ်(၁၃)
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ထဲမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်တပ်ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းကို မြိတ်ခရိုင်စီမံကောင်စီအဖွဲ့ဝင် ၁ အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ ခရိုင်ကောင်စီအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်းကို ပြီးခဲ့တဲ့ဇွန်လကတည်းက ခရိုင်ကောင်စီအဖွဲ့ဝင်ကနေ ထုတ်ပယ်ပြီးနောက် မူလတာဝန်ဖြစ်တဲ့ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာရှိ အမှတ် ၁၂ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းမှာ ဒုကျောင်းအုပ်အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန်ပြန်လည် ထမ်းဆောင်နေရတာပါ။
မြိတ်ခရိုင်ကောင်စီအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းဟာ လာဘ်စားတာအပြင် တရားမဝင်စီးပွားရေးလုပ်ငန်းအများစု လုပ်ကိုင်လာတဲ့အတွက် တနင်္သာရီတိုင်းမှူးအမိန့်နဲ့ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းဟာ မြိတ်ခရိုင်အတွင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေအပါအဝင် ကျောင်းသားလူငယ်တွေကို ဖမ်းဆီးနှိပ်စက်ရာမှာ ဦးဆောင်သူတစ်ဦးအဖြစ် တာဝန်ယူသူဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြစ်သူတွေကို နိုင်ငံရေးအကြောင်းပြဖမ်းဆီးပြီး ငွေနဲ့ညှိနှိုင်းပြန်လွှတ်တာ၊ ကျေးရွာပိုင်မြေတွေကို ရောင်းစားတာ၊ မြိတ်မြို့ရှိ KTV နဲ့ တရားမဝင်လုပ်ငန်းတချို့ကို သူရဲ့ဇနီးနာမည်နဲ့တခြားသူတွေ အမည်ခံခိုင်းပြီး ဖွင့်လှစ်လုပ်ကိုင်တာတွေ ရှိခဲ့တာပါ။
ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းဟာ DVB သတင်းဌာနက ကိုအောင်ကျော်နဲ့ မဇ္ဈိမသတင်းဌာနက အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို ကိုယ်တိုင်ဖမ်းဆီးနှိပ်စက်ခဲ့သူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်မှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးအပါ အဝင် တနင်္သာရီတိုင်းရဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိ ၃ ဦး အဂတိလိုက်စားမှုနဲ့ နေပြည်တော်မှာခေါ်ယူစစ် ဆေးခံရပြီးနောက် ရာထူးကနေ ဖယ်ရှားခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media