အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း တစ်စထက်တစ်စ မြန်နှုန်းမြင့်လာနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကြားမှာ နိုင်ငံတကာ ဖိအားနဲ့အတူ နယ်မြေတည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေရပါတယ်။
ဒီအခြေအနေမှာ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်အားကိုးပြီး သွေးစွန်းလက်နဲ့ အဓမ္မအရယူထားတဲ့ နိုင်ငံ့အာဏာကို မစွန့်လွတ်နိုင်ဘူးဆိုတာ အချက်အလက်တွေက ပြနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ တည်ငြိမ်စေဖို့ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်တိုးဖို့ တင်ပြခဲ့ပါတယ်။
ကာလုံအစည်းအဝေးကို တက်ရောက်လာကြသူတွေက စစ်ခေါင်းဆောင်တင်ပြချက်အပေါ် ကန့်ကွက်မယ့်သူမရှိဘဲ စည်းဝါးကိုက် ဆွေးနွေးထောက်ခံခဲ့ကြပြီး စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလသက်တမ်း ထပ်မံတိုးပေးခဲ့ပါတယ်။
ဒါဟာ လူတိုင်းသိနေတဲ့အဖြေဖြစ်ပြီး အာဏာတည်မြဲရေးအတွက် ဒီနည်းကိုပဲ ထပ်တလဲလဲ သုံးနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သံလွင်တိုင်မ်းကို ပြောပါတယ်။
“တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လက်နက်ကိုင်တိုက်ပွဲမဖြစ်တဲ့နေရာ မရှိသလောက် ဖြစ်နေပါပြီ။ ဒါကြောင့်မို့ သူတို့ ထွက်မပေးရမချင်း၊ ပုလ္လင်ပေါ်က ဆင်းမပြေးရမချင်း ဆက်ဆက်ပြီးတော့ စစ်အုပ်ချုပ်ရေးသက်တမ်းကို သူတို့နောက်ဆုံး မြေမြုပ်သင်္ဂြိုဟ်ခံရတဲ့အချိန်ထိ ဆက်တိုးသွားဖို့ပဲ ရှိတယ်။ တခြားဖြေရှင်းစရာ နည်းလမ်းမရှိဘူး”လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
မဲစာရင်းမှားယွင်းမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ် ကြေညာခဲ့တာပါ။
မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊အုပ်ချုပ်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရယူခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို စစ်ကောင်စီက သာမန်မဟုတ်တဲ့အခြေအနေကို အခွင့်ကောင်းယူကာ ခြောက်လကို လေးကြိမ်တိုင် သက်တမ်းတိုးယူနေတာပါ။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း လွန်ခဲ့တဲ့ ၆ လ ကာလုံအစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သက်တမ်တိုးမြှင့်တာကို ခွင့်ပြုထားတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
“ရှေ့ ၆ လ ထပ်တိုးတယ်ဆိုတာကလည်း အဓိကတော့ သူ့ရဲ့ အာဏာတည်မြဲရေးအတွက် လုပ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ နောက်ထပ် ၆ လ မှာလည်း သူဘာမှ ထိထိရောက်ရောက် မယ်မယ်ရရ လုပ်နိုင်မယ်လို့တော့ ကျွန်တော်တို့က မထင်ဘူး”လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်မ်းကို ပြောပါတယ်။
တိုင်းပြည်မတည်ငြိမ်ခြင်းရဲ့ တရားခံအစစ် မင်းအောင်လှိုင်
စစ်ကိုင်းတိုင်းက တချို့ မြို့နယ်တွေ၊ မကွေးတိုင်းမြောက်ဘက်၊ ပဲခူးတိုင်း အရှေ့ဘက်၊ တနင်္သာရီတိုင်းရှိ မြို့နယ်တချို့၊ ကရင်၊ကယား၊ချင်းနဲ့ မွန်ပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ခံနေရတယ်လို့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါတွေဟာ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကြောင့်သာ ဖြစ်တာကြောင့် တရားခံအစစ်ဟာ စစ်အုပ်စုနဲ့ စစ်ခေါင်းဆောင်သာ ဖြစ်ပါတယ်။
ဒီလို စစ်ရေးတင်းမာတဲ့အခြေနေမှာ ဒေသတချို့ကိုတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို ခံနေရတာပါ။
“မြေပြင်တိုက်ခိုက်မှုမှာတော့ သူတို့အနေနဲ့ ဘယ်လိုမှ ကျွန်တော်တို့ကို နိုင်ဖို့ မရှိတော့ဘူး။အဲဒီအတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ရှိတယ်၊ လက်နက်ကြီးတွေ အဆမတန်သုံးပြီး အပြစ်မဲ့တဲ့အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ရှိတယ်”လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူ (၁) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် နေရာဒေသတွေ တည်ငြိမ်ရေး၊တရားဥပဒေ စိုးမိုးရေး စတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ အကြောင်းပြတာပါ။
ဒါကြောင့် စစ်ကောင်စီက တိုင်းပြည်ကို နောက်ထပ် ၆ လ ဆက်အုပ်ချုပ်ဖို့ အရေးပေါ်သက်တမ်း တိုးယူတဲ့ ကာလအတွင်း စစ်ရေးတိုးမြှင့်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
“စစ်တပ်က ဒေသန္တရတွေကို အပြည့်အဝစိုးမိုးမှုရနိုင်ဖို့ သူတို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ သူတို့လုပ်မှာပဲ၊ အခုချိန်မှာလည်း လုပ်နေတာပဲ။ ကျွန်တော်တို့ တော်လှန်ရေးဘက်က ဒီနှစ်မှာ ရလဒ်တစ်ခုခုရအောင် လုပ်မယ်လို့ ကြုံးဝါးထားသလို စစ်တပ်အနေနဲ့လည်း ဒီနှစ်အတွင်းမှာ တစ်စုံတစ်ခုသော တန်ပြန်ထိုးစစ်တွေကို ပိုလုပ်လာတဲ့ အခြေအနေရှိတယ်”လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးတပ်မကြီးအတော်များများဟာ ချင်း၊ကရင်နီ၊စစ်ကိုင်းနဲ့ ကချင်ဒေသတွေမှာ စစ်ကြောင်းအလိုက် တပ်ဖြန့်ခွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ အင်အားသုံး လုပ်ဆောင်နေတာလို့ တပ်တွင်းသတင်းရင်းမြစ်ဆီက အချက်အလက်ကို ကိုးကားပြီး ဗိုလ်ကြီး လင်းထက်အောင်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ အရေးပေါ်ကာလသက်တမ်းတိုးယူပြီးချိန်မှာ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ ကယား၊ ကရင်နဲ့မွန် စတဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီ ကြေညာခဲ့တာပါ။
အဲဒီနောက်ပိုင်း စစ်ရေးပြင်းထန်တဲ့ ဒေသအတွင်းက လက်နက်ကိုင်ခုခံနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသုံး တိုက်ခိုက်ချေမှုန်းတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ် ခုခံတော်လှန်မှုဟာ ယုတ်လျော့သွားခြင်း မရှိခဲ့ပါဘူး။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က စစ်ကိုင်း၊ချင်းနဲ့ ကယား (ကရင်နီ) တို့မှာ အကြမ်းဖက်မှု အဆိုးဝါးဆုံးအခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် လုံခြုံရေးကို အခုထက်ပိုလုပ်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ပြောဆိုထားတာပါ။
“ဒီ ၆ လအတွင်းမှာ သူတို့ နိုင်ငံကို တည်ငြိမ်အောင်လုပ်ဖို့ ထိန်းချုပ်အောင် လုပ်နိုင်ဖို့ အနေအထားက စစ်ရေးအရ ဘယ်လိုမှ မဖြစ်နိုင်ဘူး။အဲဒါကြောင့် တခြားသော သံတမန်လှည့်ကွက်တွေ နိုင်ငံရေးလှည့်ကွက်တွေကိုသာ အသုံးပြုပြီး ညှိနှိုင်းမယ့် အနေအထားမျိုး ရှိလာနိုင်တယ်။ဒါပေမယ့်သေချာတာတော့ ဒီ ၆ လအတွင်း တိုက်ပွဲတွေ ပိုဖြစ်မယ်”လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက သံလွင်တိုင်မ်းကို ပြောပါတယ်။
စစ်ကောင်စီဟာ အခုနှစ် ပထမ ၆ လတာအတွင်း လက်နက်ကိုင်ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေကို အင်အားအလုံးအရင်းနဲ့ စစ်ရေးပစ်မှတ်၊ အရပ်ဘက်ပစ်မှတ်တွေကို မရွေးဘဲ လက်နက်ကြီးတွေ လေကြောင်းတွေ အသုံးပြုပြီး နှိပ်နင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ရေးဆိုင်ရာအချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ BNI-Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ အခုနှစ် ဖေဖော်ဝါရီကနေ ဇူလိုင်လလယ်အထိ နိုင်ငံတစ်ဝန်း အရပ်သား ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အခုတစ်ကြိမ် သက်တမ်းတိုးယူမှုမှာ စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးမြို့နယ်တွေ တိုးချဲ့လာနိုင်သလို စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေ ပိုများပြားလာနိုင်ပေမယ့် ၆ လအတွင်း ထိန်းနိုင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။
“သူယူထားတဲ့ ၆ လအတွင်းက တိုင်းပြည်ကို သူ့လက်ထဲပြန်ရောက်လာအောင် သူ့လက်ထဲမှာ သူထိန်းနိုင်ပါပြီဆိုတာ ပြဖို့ သူ့အတွက် လုံလောက်တဲ့ ကာလမဟုတ်ဘူး။သူ့အနေနဲ့ သူ့ကိုယ်သူ အာဏာဆက်ယူချင်လို့ အာဏာတိုးတာလို့ မြင်တယ်။ ၆ လ ဆိုတဲ့ အတိုင်းအတာနဲ့ ကျွန်တော်တို့ကို ပျက်ပြားသွားအောင် လုပ်နိုင်မှာ မရှိဘူး”လို့ 96 Soldiers အဖွဲ့ရဲ့ PDF တာဝန်ခံ ကိုဇေယျာလွင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
လှည့်စားထားတဲ့ လွတ်ငြိမ်းသက်သာ
ဘုရားတကာဘွဲ့ခံ မင်းအောင်လှိုင်က အရေးပေါ် ကာလသက်တမ်းရဲ့ ပထမဆုံးရက် ဩဂုတ် ၁ ရက်နေ့မှာ အဖြူရောင်ကျောက်တုံးကို ထုလုပ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲအပြီး နိုင်ငံတဝန်းရှိ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ကြေညာပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားအားလုံးကိုတော့ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ SSPP အဖွဲ့ဝင် (၁၅) ဦးအပါအဝင် ဆက်စပ်သူ(၇၂) ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။
ဒါပေမယ့် စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းခွင့်ထဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ အတည်ပြုနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP က သြဂုတ် ၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လွတ်ရက်ပြည့်ခါနီး နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေသာဖြစ်ပြီး အများစုဟာ လွတ်ရက်စေ့ဖို ၂ လ ၊ ၃ လလောက်သာ ကျန်ရှိတော့တဲ့သူတွေ ဖြစ်နေတာပါ။
“နိုင်ငံတကာမျက်နှာစာမှာ တစ်ခုခုကစားဖို့ လိုအပ်လာရင် နိုင်ငံရေးအကျဉ်းသားထဲက တချို့ကို လွှတ်ပေးတာတွေ၊ ပြစ်ဒဏ်လျှော့ပေးတာတွေက စစ်အာဏာရှင်တွေ လုပ်နေကြဖြစ်တယ်။အခုလည်းဒီလိုပါပဲ နိုင်ငံတကစားကွက်တွေမှာ ကစားနိုင်ဖို့အတွက် နိုင်/ကျဉ်းတွေကို လွှတ်ပေးလိုက်တာဖြစ်တယ်” လို့ AAPP တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ကာလုံမတိုင်ခင်ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ပြန်ထားတာတွေ၊ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတာတွေ စတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပေမယ့် ပြစ်ဒဏ်လျှော့ပေါ့နဲ့သာ ကြေညာလာပါတယ်။
အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရပြီး နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၅ မှုအတွက် ထောင်ဒဏ် ခြောက်နှစ်နဲ့ သမ္မတ ဦးဝင်းမြင့်ကိုလည်း အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ် လျှော့ချခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်း နှစ်နှစ်ခွဲပြည့်မြောက်ချိန်မှာ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသူ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းသက်သာခွင့်ဆိုတဲ့ ဝေါဟာရနဲ့ လူထုအမျက်ဒေါသ ပြေအောင် မစို့တပို့ နှစ်သိမ့်မှုပါပဲ။
“လူတွေအားလုံးကလည်း စိတ်ထိခိုက်နေတာ၊ ဒီလောက်အသက်ကြီးတဲ့ အမျိုးသမီးကို ကျန်းမာရေးအရ ထောင်ထဲမှာထားတာ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး။အဲဒါလေးကို တဆင့် (ပြစ်ဒဏ်လျှော့ပေါ့) ပြီးမှ သူတို့ ထွက်ပေါက်လေးဘာလေး သက်သာလာမလားလို့ စဉ်းစားတာ၊ မရတော့မှ နောက်တဆင့်တက်မှာပေါ့”လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဆိုပါတယ်။
စစ်ကောင်စီက သူတို့ အာဏာတိုးယူမယ့် ကာလုံအစည်းအဝေးမတိုင်ခင် ဇူလိုင်လအတွင်း ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ အတည်ပြုထားပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းကျစဉ်ကာလတွေအတွင်း နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုတာဟာ အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းမျှသာပါ။
စစ်ကောင်စီအနေနဲ့ ဘေးကျပ်နံကျပ်ဖြစ်လာတဲ့အခါမျိုးမှာ ထွက်ပေါက်အဖြစ် လူထုခေါင်းဆောင်ကို ဝှက်ဖဲအနေနဲ့ ထုတ်သုံးပြီး နိုင်ငံရေးကစားကွက် ဘယ်လိုရွေ့ဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။
အသံကောင်းဟစ်နေတဲ့ ရှေ့လုပ်ငန်းစဉ်
စစ်အာဏာသိမ်းယူပြီးချိန်ကနေ ဒီကနေ့အထိ စစ်တပ်အာဘော်ဆောင် နိုင်ငံပိုင် သတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးနဲ့ နိုင်ငံပိုင်ရုပ်သံတွေမှာ အစီအရီဖော်ပြနေတဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ရှိပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အရပ်ဘက်၊စစ်ဘက် ခန့်အပ်ထားတဲ့ ထိပ်ပိုင်းအရာရှိတွေ ပါဝင်တဲ့ အစိုးရအဖွဲ့နဲ့ စစ်ကောင်စီ အစည်းအဝေးတွေမှာလည်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အမြဲတစေ အသံကောင်းဟစ်နေတာပါ။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲက နံပါတ် ၁ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားလုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒီလို နံပတ် ၁ ရှေ့လုပ်ငန်းစဉ်ဟာ တစ်နည်းအားဖြင့် အဓိပွါယ်ဖွင့်ရရင် PDF တွေကို နှိမ်နှင်းရေးပါပဲ။
“စစ်တပ်ရဲ့ လုပ်ဆောင်မှု ပုံစံကတော့ Security Appearance (လုံခြုံရေးပုံဖော်မှု)ကို အမြဲတမ်းဦးစားပေး လုပ်တယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ သူတို့ ဘာပဲလုပ်ချင်လုပ်ချင် အဓိက လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေတဲ့ အစုအဖွဲ့တွေ အင်အားလျော့နည်းသွားအောင် အရင်ဆုံးလုပ်မယ့် ကိစ္စလို့ ယူဆတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
စစ်ကောင်စီချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲက တချို့အချက်တွေမှာတော့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားတာပါ။
ဒါပေမယ့် ဒီအချက်တွေဟာ စစ်တပ်အာဏာသိမ်းယူပြီး ချွတ်ခြုံကျနေတဲ့ လူမှုစီးပွားဘဝ တိုးတက်ဖို့ မဆိုထားနဲ့ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို သွားလာလှုပ်ရှားခွင့်ဟာ လက်တွေ့အခြေအနေနဲ့ အလှမ်းဝေးနေရဆဲပါပဲ။
တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး NCA စာချုပ်ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သလောက် အလေးထားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်က ဖော်ပြထားတာပါ။
“သူ့ဘက်ကတော့ သူ့အာဂျန်ဒါနဲ့သူ သွားတယ်ဆိုပေမယ့် လက်တွေ့ မြေပြင်အခြေအနေကတော့ နောက် ၆ လ လည်းပဲ မူလအတိုင်း ပြန်ဖြစ်ပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေ ရှိမှာမဟုတ်ဘူး။ဒါဆိုရင် သေချာတယ် ၆ လ ကုန်ပြီးရင် နောက် ၆ လ တိုးဦးမယ်”လို့ ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ထောက်ပြပါတယ်။
စစ်ကောင်စီကတော့ လက်ရှိတိုးယူထားတဲ့ အရေးပေါ်သက်တမ်းမှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၁၂ ရပ်ကို ပိုမိုမြန်ဆန်ထိရောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖြုတ်ထုတ်ခန့်နဲ့ ပြင်ဆင်ဖွဲ့စည်းလာပါတယ်။
ဒါပေမယ့် ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ စစ်ရေးဆိုင်ရာကိစ္စတွေ အများကြီးပါဝင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အောက်ခြေတာဝန်ရှိသူတွေကို အလဲအလှယ်လုပ်ရုံနဲ့ ထိရောက်နိုင်မှာ မဟုတ်ဘဲ စစ်ခေါင်းဆောင် အဆုံးအဖြတ်ပေါ် မူတည်နေတာပါ။
အတုအယောင် ရွေးကောက်ပွဲနဲ့ စစ်အုပ်စုရဲ့ မုသားများ
Myanmar’s military Commander-in-Chief, Senior General Min Aung Hlaing shows his ink-marked finger after voting at a polling station in Naypyidaw on November 8, 2020. (Photo by Thet Aung / AFP)
တစ်ကျော့ပြန်အာဏာသိမ်းမှုကို ဦးဆောင်သူ မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဩဂုတ်အတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးစီးရမယ်လို့ ထုတ်ပြောခဲ့ဖူးပေမယ့် သတ်မှတ်ကာလရောက်သည့်တိုင် ရွေးကောက်ပွဲ မကျင်းပနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ခေါ်ယူတဲ့ ကာလုံအစည်းအဝေးမှာတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခင်းအကျင်းနှစ်ရပ်ရှိမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆွေးနွေးတင်ပြလာပါတယ်။
ပထမတစ်ခုက လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့နေရာတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲလုပ်တာ၊ ဒုတိယတခုကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ဖြစ်ပါတယ်။
အခင်းအကျင်းနှစ်ရပ်လုံးမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိဖို့ အဓိကကျနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်ပါတယ်။
“ရွေးကောက်ပွဲဖြစ်ဖို့အတွက် တည်ငြိမ်အေးချမ်းတယ်ဆိုလို့ရှိရင် တည်ငြိမ်အေးချမ်းဖို့ လက်နက်ကိုင်တိုက်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှ တည်ငြိမ်အေးချမ်းမှာလေ။ အဲဒီတော့ လက်နက်ကိုင်တိုက်နေတဲ့လူတွေ မပြုတ်သွားဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲ မလုပ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူမယ့် ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကလည်း လာမယ့်နှစ် အောက်တိုဘာကျမှသာ ၁၅ ရက်ကြာ ကောက်ယူသွားမယ်လို့ စစ်ကောင်စီက မတ်လဆန်းမှာ ပြောဆိုခဲ့တာပါ။
သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၆ ခုနှစ် မတ်လအထိ လုပ်ငန်းစဉ် ၄ ရပ်နဲ့ ၅၄ လကြာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီမှာ ကောက်ယူခဲ့တဲ့ မြေပြင်လူဦးရေစာရင်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ၈၇ ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုထားပါတယ်။
“သေချာတာက သန်းခေါင်စာရင်းကောက်ပြီးတော့မှ ရွေးကောက်ပွဲကို ၂၀၂၅ လောက်မှ အကောင်အထည်ဖော်မယ်ပေါ့။ ဒီကာလတော့ မငြိမ်းချမ်းလို့ပါ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ သူကသွားမှာပဲ။ နိုင်ငံတကာမှာတော့ နိုင်ငံရေးအရ ဖိအားမရှိအောင် ရွေးကောက်ပွဲလုပ်နေပါတယ်၊ ရွေးကောက်ပွဲကို ပြင်ဆင်နေပါတယ်ဆိုပြီး သူ့အကြောင်းပြချက်တွေက ပြနေဦးမှာပဲ”လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက ထောက်ပြပါတယ်။
လက်ရှိမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေထဲက ၃၅ ပါတီကိုတော့ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပါတယ်။
မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားတဲ့ နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင် ဥပဒေ၊နည်းဥပဒေတွေနဲ့အညီ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း လုပ်ဆောင်ရမယ့် ပါတီလုပ်ငန်းစဉ်တွေကို စစ်ဆေးနေပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အဆုံးအဖြတ်ပေးမယ့် ကိစ္စဖြစ်တာကြောင့် အလောတကြီး စောလျင်စွာ ဆောင်ရွက်လို့ မရဘဲ စနစ်တကျပြင်ဆင်သွားရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်မယ့် နေ့ရက်ကိုတော့ ကတိမပေးနိုင်ခဲ့ပါဘူး။
“သူကတော့ ဒီမိုကရေစီအယောင်ပြပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းကို ဆက်လက်တိုးမြှင့်သွားမှာပါ။ဘယ်အချိန်ထိ တိုးမြှင့်သွားမလဲဆိုတော့ သူတို့အုပ်စုတစုလုံး တိုင်းပြည်ကနေ ထွက်ပြေးတဲ့အထိ လက်နက်ချတဲ့အခြေအနေအထိ ဒီအကြောင်းပြချက်နဲ့ပဲ တိုင်းပြည်ကို ဆက်လက်လိမ်လည်သွားမှာပါ” လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။
သံလွင်တိုင်းမ်