နေပြည်တော်၊ သြဂုတ်(၁၃)

နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ စစ်ရေးအပြင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေမှာ စစ်ဗိုလ်ချုပ်တွေကို နေရာပိုပေးလာတယ်လို့ နိုင်ငံရေးအကဲ ခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းပြည်မတည်ငြိမ်မှု အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် သြဂုတ် ၁ ရက်နေ့က ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ကောင်စီအဖွဲ့ကို ပြန် လည်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကောင်စီအဖွဲ့ဝင် ၁၈ ဦးမှာ စစ်တပ်ရဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ် ၉ ဦးအထိပါဝင်ပြီး သူတို့တွေကို အမြင့်ဆုံးအာဏာတွေ ပေးအပ်ထားပါတယ်။

ဒါ့အပြင် ဇူလိုင်ပထမအပတ်အတွင်း အသစ်ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ကော်မတီတွေမှာလည်း စစ်ဗိုလ်ချုပ်တွေကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအပါအဝင် ကုန်သွယ်နဲ့ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီမှာလည်း စစ်ဗိုလ်ချုပ်တွေကို ခန့်အပ်ထားပြီး အဲဒီကော်မတီတွေရဲ့ ဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင် စိတ်ချယုံကြည်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်ပေးအပ်ထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကတော့ စစ်တပ်ကအရာရှိတွေကို နေရာပေးတာဟာ စစ်ရေးတင်မကဘဲနဲ့ တခြားစီမံခန့်ခွဲရေးတွေမှာ နေရာဝင်ယူတဲ့ သဘောဖြစ်သလို စစ်အုပ်ချုပ်ရေးကို ပီပီပြင်ပြင်လုပ်ဆောင်လာတဲ့ သဘောဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ဒါကစစ်ရေးတင်မကဘူး၊ တခြားစီမံခန့်ခွဲရေး လုပ်ငန်းတွေမှာလည်း ဝင်ပြီးတော့နေရာယူတဲ့သဘောပေါ့။ ပြောရမယ်ဆိုရင်တော့ စစ်အုပ်ချုပ်ရေးကို ပိုပြီးတော့ပီပီပြင်ပြင် လုပ်လာတဲ့သဘောပေါ့။ တခြား အရပ်သားတွေကိုထက် သူတို့လူတွေပဲလုပ်နိုင်လိမ့်မယ်၊ သူတို့လူတွေပဲ သူတို့စိတ်ချရတယ်။ ဒါကသူတို့အတွင်းစည်း လုံခြုံမှုအတွက် နေရာပေးမှု။ သူတို့အချင်းချင်း ဒါတစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်မဖြစ်ရအောင်ပေါ့နော်။ နေရာတွေကို ဖြန့်ဝေပြီးတော့ ပေးတာပေါ့။ စစ်တပ်တစ်ခုထဲမှာဆိုရင် ဘောင်ကကျဉ်းတာပေါ့။ ဒါကြောင့် အခြားစီမံခန့်ခွဲရေးလုပ်ငန်းတွေ၊ တခြားဝန်ကြီးဌာနတွေ အဲဒီလိုပေါ့။ သူတို့အကုန်လုံးကို လက်တန်ရှည်ရှည်နဲ့ ကိုင်နိုင်အောင်နဲ့ တပ်တွင်းညီညွတ်မှု တစ်ယောက်နဲ့တစ်ယောက်ဂျောင်ထိုးတယ်လို့ မခံစားရအောင် နေရာတွေ ဖြန့်ဝေပေးတဲ့သဘော။ သူတို့ အချင်းချင်း နှစ်သိမ့်တဲ့သဘော။ အဲဒီလို ကျွန်တော်တော့မြင်တယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်လုပ်ပိုင်ခွင့်မရှိတဲ့ ဌာနဆိုင်ရာအပါအဝင် တရားစီရင်ရေး အပိုင်းတွေမှာပါ ဝင်ပါလာတာဟာ အရပ်သားဝန်ထမ်းတွေကို ထိန်သိမ်းဖို့ရည်ရွယ်သလို နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စစ်တပ်နဲ့အရပ်သားဝန်ထမ်းတွေအကြား ဆက်ဆံရေး ဆိုးရွားလာနိုင်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်တပ်ကဗိုလ်ကြီး၊ ဗိုလ်မှူးတွေနဲ့ အရာရှိတွေကို အရပ်ဘက်ဌာနဆိုင်ရာတွေမှာ အမြင့်ဆုံးတာဝန်တွေ ပေးအပ်ပြီး စစ်အုပ်ချုပ်ရေးစနစ်ကို အခိုင်အမာအကောင်အထည်ဖော်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ ပေါင်း ၅၀၀ ကျော် ပေါ်ပေါက်လာပြီး စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.