ကော့ကရိတ်၊ သြဂုတ်(၁၃)

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီခွင့်ပြုချက်နဲ့ လုံခြုံရေးကင်းလှည့်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းထဲမှာပဲ သထုံခရိုင်အုပ်ချုပ်ရေး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာတချို့နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ မွန်ကျေးရွာတချို့တို့မှာ လုံခြုံရေးကင်းလှည့်ဆောင်ရွက်မှုတွေ ထပ်တိုးလုပ်ဆောင်လာတာပါ။

မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ရှိ မွန်ကျေးရွာတချို့အပါအဝင် မုဒုံ-သံဖြူဇရပ် ကားလမ်းမတစ်လျှောက်မှာ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ လုံခြုံရေးကင်းလှည့်တာတွေ စတင်ခဲ့တာပါ။

မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်တုန်းက စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံမှုအပြီး မွန်ကျေးရွာတွေမှာ လက်အောက်ခံတပ်ဖွဲ့တွေက လုံခြုံရေးကင်းလှည့်မှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ လုံခြုံရေးကင်းလှည့်ဆောင်ရွက်မှုအပေါ် မွန်ပြည်သူတချို့ ထောက်ခံကြိုဆိုတာတွေရှိပေမယ့် တော်လှန်ရေးမှာပါဝင်နေတဲ့ မွန်ပြည်သူတွေက ကန့်ကွက်ဝေဖန်တာတွေ ရှိနေတာပါ။

“လက်ရှိမွန်တော်လှန်ရေးလုပ်နေတဲ့ မွန်ပြည်သူတွေက ဒီလိုမျိုးလုပ်တာကိုအားမပေးဘူး။ သူတို့က စကစနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ လုပ်ရပ်လို့ အဲဒီလိုမြင်နေတော့ အွန်လိုင်းတွေမှာပြောတာရှိတယ်။ တခြားမွန်ပြည်သူအချို့တော့ ဒါကြိုဆိုတယ်။ လက်ခံတယ်။ အဲဒီလိုဆက်လုပ်ပေးဖို့ ထပ်ပြီးတောင်းဆိုတာတွေလည်းရှိနေတယ်” လို့ မွန်လူငယ်တစ်ဦးကပြောပါတယ်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတဲ့ ကျေးရွာတချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပူးတွဲအုပ်ချုပ်တဲ့ ကျေးရွာတွေလည်း ပါဝင်နေပြီး အခုနှစ်ဆန်းပိုင်းတုန်းကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ကျေးရွာတချို့မှာ KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့သေးတာပါ။

တိုက်ပွဲကြောင့် မွန်ကျေးရွာအတွင်းရှိ ဒေသခံရာနဲ့ချီ နေရပ်စွန့်စွာထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအရ ကင်းလှည့်လှုပ်ရှားမှုတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်မတွေ့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တာ ရှိနိုင်တယ်လို့ မွန်ပြည်သစ်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်ကို တယ်လီဖုန်းနဲ့ သုံးကြိမ်ထက်မနည်း ခေါ်ဆိုခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အခုလုပ်ရပ်ဟာ နွေဦးတော်လှန်ရေးမှာ မပါဝင်လာတဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေး၊ စစ်ရေးသိက္ခာအရ အဖတ်ဆယ်တဲ့သဘောနဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာအရ လှုပ်ရှားမှုသာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု ၆ ကြိမ်တိုင်ရှိခဲ့တဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ အခုလို မွန်ဒေသတွင်း လုံခြုံရေးကင်းလှည့်တဲ့အပေါ် စစ်တပ်ရဲ့လက်ကိုင်တုတ်မဖြစ်ဖို့ သတိပေးထောက်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.