ညောင်လေးပင်၊ သြဂုတ်(၁၂)

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လ တစ်လအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ KNU ဗဟိုက ဩဂုတ် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေထဲကို စစ်ကောင်စီတပ် လက်အောက်ခံတပ်ရင်း ၁၃ တပ်ရင်းထက်မနည်း စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ အကြိမ်နီးပါး ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂၄ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ၂ ဦးကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ကာ ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကိုပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လက်နက်ကြီး အလုံးပေါင်း ၃၀၀ ကျော် ပစ်ခတ်မှုကြောင့် ကျောင်းသား၂ ဦးအပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကိုဝင်ရောက်ပြီး ပြည်သူနေအိမ် ၄၄ လုံး၊ ဆိုင်ကယ် ၇ စီး၊ စပါးကျည် ၁၆ လုံး၊ ထင်းဂိုဒေါင် ၂၃ ပုံ၊ မီးစက် ၁ လုံးကို မီးရှို့ခဲ့ကာ ပိုက်ဆံ ၂ သိန်း၊ ဖုန်း ၁ လုံးကိုလည်း အဓမ္မသိမ်းယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် ၁၆၆ ဦး သေဆုံးပြီး ၁၄၃ ဦး သေ ဆုံးခဲ့ကာ KNLA တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့ဘက်မှာတော့ ၂ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဆီကနေ လက်နက် ၁၁ လက်၊ ကျည်ဘောက်၊ ကျည်ဆံ၊ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း KNLA တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပြီး ဆိုလာ ၅ ချပ်နဲ့ တဲ ၃ လုံးကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.