ကော့ကရိတ်၊ ဩဂုတ်လ (၁၁)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထားပေမယ့် စစ်ကောင်စီရဲ့ စာချုပ်စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU က တုံ့ပြန်လိုက်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ NCA စာချုပ်အပေါ် သဘောထားမေးမြန်းရာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပဒိုစောတာဒိုမှူးက NCA စာချုပ်ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို စစ်ကောင်စီတပ်က နင်းချေဖျက်ဆီးလိုက်တာကြောင့် NCA စာချုပ် မရှိတော့တဲ့အတွက် KNU အနေနဲ့ လိုက်နာစရာအကြောင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် NCA ကိုအသုံးပြုပြီး နိုင်ငံတကာကို လှည့်စားတာဖြစ်စေ၊ ပြည်သူလူထုကို လှည့်စားတာဖြစ်စေ လုပ်တဲ့ကိစ္စတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဘာမှမဆိုင်ဘူးလို့ ပဒိုစောတာဒိုမှူးက ပြောပါတယ်။

“NCA နဲ့ ပတ်သက်လို့ ကျွန်တော်တို့လိုက်နာစရာအကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ (NCA)ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁) အခြေခံမူကိုနင်းခြေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCAရဲ့ အခန်း(၁)က NCAတစ်ခုလုံးရဲ့နှလုံးသားဖြစ်ပါတယ်။ နှလုံးသားကို ဖျက် ဆီးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီNCA ဟာမရှိတော့ပါဘူး။ ဒီအတွက်ကြောင့် NCA ကိုအသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကိုလှည့်စားခြင်းသော်လည်း ကောင်းလုပ်ရင် လုပ်တဲ့ကိစ္စတွေက ကျွန်တော်တို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတာလေးကို ပြောကြားလိုပါတယ်” လို့သူကဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တချို့သော EAO တွေအနေနဲ့ NCA စာချုပ်သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ စွပ်စွဲအပြစ်ဖို့ထားတာပါ။

ဒီအတွက်ကြောင့် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၇ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

NCA စာချုပ်ရဲ့ အခန်း ၁ အခြေခံမူမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်းတာ မလုပ်ဖို့၊ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ဖို့ အပါအဝင် အချက် ၁၁ ချက် ပါဝင်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA လက်မှတ်ရေးထိုးခဲ့ပေမယ့် တစ်ကျော့ပြန်စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

အခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.