ရေဖြူ၊ ဩဂုတ်လ (၁၁)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ပြည်သူလူထု ၃၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့သြဂုတ် ၈ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ရေဖြူမြို့နယ်ထဲကို ထိုးစစ်ဆင်ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ခမောက်ချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းရပ်အင်းနဲ့ လမ်းတောကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဝက်ချောင်းကျေးရွာနေ ဒေသခံပြည်သူ ၆ ဦး၊ ခမောက်ချောင်းကျေးရွာက ဒေသခံ ၂ ဦး၊ လဲ့ရှောင်ကျေးရွာဒေသခံ ၁ ဦး စုစုပေါင်း ဒေသခံ ၉ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေဖြူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက ဧကနိနဲ့ ခမောက်ချောင်းကျေးရွာကြားမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်ကလည်း ရေဖြူမြို့နယ် ခရင်းချောင်းနဲ့ထွက်ဝကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားပြီး ၅ ရက်ကျော်ကြာမှ ပြန်လွှတ်ပေးခဲ့တာပါ။

အာဏာသိမ်းကာလအတွင်း ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစဉ် ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာ၊ ပြည်သူပိုင်နေအိမ်တွေရှိ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်တာနဲ့ ကျေးရွာအတွင်း ကျန်ရှိတဲ့အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ကျုးလွန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.