မော်လမြိုင်၊ ဩဂုတ်လ (၁၁)

မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၃ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြည်နယ်တဝန်းမှာ ရောဂါဖြစ်ပွားသူ ၁၂၀၀ နီးပါးအထိ ရှိလာပြီး အဲဒီထဲမှာ မော်လမြိုင်မြို့နယ်က ရောဂါဖြစ်ပွားသူ ၂၃၉ ဦး ၊ ပေါင်မြို့နယ်က ရောဂါဖြစ်ပွားသူ ၁၈၈ ဦးနဲ့ အများဆုံးရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားသူတွေထဲမှာ ပေါင်မြို့နယ်က ကလေးငယ်တစ်ဦး၊ သံဖြူဇရပ်မြို့နယ်က ကလေးတစ်ဦးနဲ့ ကျိုက်ထိုမြို့နယ်က ကလေးငယ်တစ်ဦး သေဆုံးထားပါတယ်။

ရောဂါဖြစ်ပွားမှုအရ ဇွန်နဲ့ဇူလိုင်လအတွင်း ရောဂါဖြစ်ပွားသူ ပိုများလာပြီး တချို့ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာဆိုရင် ကလေးငယ် အစုအလိုက်အပြုံအလိုက် ရောဂါကူးစက်မှုတွေ ရှိနေတာပါ။

ဒါပေမဲ့ စစ်ကောင်စီလက်ထက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှု အားနည်းခဲ့တာကြောင့် ရောဂါဖြစ်ပွားသူတွေ များလာပြီး ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

လက်ရှိကာလဟာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့ ရာသီဖြစ်တာကြောင့် ကလေးတွေ ဖျားနာလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီပြသဖို့လိုအပ်ပြီး အချိန်မီကုသမှုမခံယူပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် အထူးသတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.