လွိုင်ကော် ၊ ဩဂုတ်လ (၁၁)

ကယားပြည်နယ်အတွင်း ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဌာန ၇ ခု ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးယန္တရားအတွက် ဖွဲ့စည်းဆောင်ရွက်သွားမယ့် ဌာနတွေထဲမှာ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနဲ့ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနဲ့လုံခြုံရေးဌာန ၊ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်းဘဏ္ဍာရေးနဲ့အခွန်ဌာနတို့ ပါဝင်ပါတယ်။

IEC အနေနဲ့ အဲဒီ ဌာန ၇ ခုကို စက်တင်ဘာလမကုန်ခင်မှာ ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နေပြီး အကောင်အထည်ဖော်မှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သြဂုတ် ၆ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရာမှာ တိုက်ပွဲတွေကြောင့် အခက်အခဲတချို့ ရှိနေပေမယ့် အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထု ယုံကြည်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက သံလွင်တိုင်မ်းကို ပြောပါတယ်။

“တိုက်ပွဲတွေကတော့ အုပ်ချုပ်ရေးယန္တရားတွေ လုပ်ဖို့အတွက်ကတော့ တိုက်ရိုက်သက်ဆိုင်မှုတွေရှိတယ်ပေါ့။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ကျန်းမာရေး ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဥ်တွေကတော့ ကြန့်ကြာမှုနဲ့ ခက်ခဲမှုတွေအများကြီးဖြစ်စေတာတော့ အမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ အခြားတစ်ဘက်မှာလည်း ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် မြင်လို့ရသလို အခြားတစ်ဖက်မှာကလည်း ဒီဟာက ကျွန်တော်တို့ IEC ရဲ့ လုပ်ငန်းက အခက်အခဲကြားမှာ ရှင်သန်နိုင်တယ်။အခက်အခဲကြားမှာ လူထုရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်ခြင်းကလည်း အား ကောင်းခြင်းကို ဖြစ်လာစေနိုင်တာ အများကြီးရှိပါတယ်။ ပုံမှန်အခြေအနေကနေ ပြည်သူကို အုပ်ချုပ်တာထက်စာရင် အရမ်းကို ခက်ခဲတဲ့အခြေအနေတစ်ခုမှာ ပြည်နယ်တစ်ခုကို နိုင်သလောက် အကောင်းဆုံးအုပ်ချုပ်နိုင်ခြင်းဟာ ကျွန်တော်တို့ကိုအတွေ့အကြုံကောင်းတစ်ခုရသွားနိုင်တယ်။ နောက်လူထုတွေအတွက်လည်း ပိုပြီးတော့မှ ယုံကြည်ကိုးစားမှုကို ပိုရနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ် ” လို့ သူကဆိုပါတယ်။

ဒါ့အပြင် IEC အနေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့အတွက် ပညာရေးအင်အားစုတွေ၊ ကျန်းမာရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ အလှူရှင်တွေ၊ တော်လှန်ရေးအင်အားစုတွေအပြင် KSCC ၊ NUG တို့နဲ့လည်း ပုံမှန်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလို ဆက်သွယ်မှုတွေကနေ ပြည်ထောင်စုနဲ့ ပြည်နယ်အကြား ပိုအားကောင်းတဲ့ ဆက်သွယ်ရေး၊ပိုအားကောင်းတဲ့ အကောင်အထည်ဖော်မှုတွေအပြင် ငွေကြေးပိုင်းဆိုင်ရာ၊နည်းပညာပိုင်းဆိုင်ရာ အပြန်အလှန်ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်အ စိုးရဖွဲ့စည်းမှုဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီကရင်နီကြားကာလအစိုးရဟာ တပြည်လုံးနဲ့ဆိုင်တဲ့ ယာယီအစိုးရရဲ့ လမ်းညွှန်မှု၊ ညှိနှိုင်းမှုတွေ သဘောတူညီမှု အခြေခံတွေပေါ်ကနေ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် စံပြနေရာ မျိုးစေ့ကြီးတစ်ခုကို ကရင်နီပြည်နယ်မှာ ချလိုက်နိုင်တယ်လို့ ယူဆမိတယ် ” လို့ သူကဆိုပါတယ်။

IEC အနေနဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေစဉ် ကျောင်းအနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိရေး၊ ပြည်သူတွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရေး၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ရရှိနိုင်ရေးတို့ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့ဘဝ လုံခြုံရေးအတွက် ပြည်ထဲရေးဌာနအောက်မှာရှိတဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့(KSP) ကို စနစ်တကျ စုဖွဲ့ဆောင်ရွက်တာ၊ တရားစီရင်ရေးစနစ်နဲ့ တရားရုံးတွေ တည်ထောင်တာ၊ အဆင့်ဆင့်သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနကို ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်လမ်းညွန်မှုနဲ့အတူ ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ ဆိုထားပါတယ်။

နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံးစတင်ဖွဲ့စည်းတဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို အခုနှစ် ဇွန် ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ကောင်စီမှာတော့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၆ ဦး ပါဝင်ပါတယ်။

ကယားပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်မှုကြောင့် နယ်မြေအများစုကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးထားရတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်းမှာတော့ ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေကြောင့် လူဦးရေ ၃ ပုံ ၂ ပုံဟာ ဘေးလွတ်ရာနေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတယ်လို့ ဒေသတွင်းအဖွဲ့အ စည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.