နေပြည်တော်၊ သြဂုတ်(၉)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တချို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် တိုင်းပြည်ရဲ့အနာဂတ်အတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲလိုက်ပါတယ်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးပေါ်ကာလသက်တမ်း ထပ်မံတိုးယူပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဩဂုတ် ၇ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က တချို့သော EAO တွေအနေနဲ့ NCA သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တဲ့အတွက် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကတော့ ပကတိအခြေနေကိုကြည့်ရင် စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ဆင်ခြင်တုံတရားမရှိတဲ့ပြောဆိုမှုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလိုပြောဆိုမှုတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ ပြဿနာကို ပိုကြီးထွားစေတယ်လို့ မြင်ပါတယ်။ လူထုကိုယ်တိုင်က တပ်မတော်ကို ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ ဒါကဘာကိုပြသလဲဆိုတော့ တပ်ရဲ့လုပ်ရပ်တွေကို လက်မခံဘူးဆိုတာ ပြနေတာဖြစ်တယ်။ ဒါကိုလက်မခံဘဲ ကျွန်တော်တို့ တိုင်းရင်းသားအင်အားစုက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြောင့်ဖြစ်တယ်လို့ ပြောနေတာဟာ ဆင်ခြင်တုံတရားမရှိတဲ့ ပြောဆိုမှုလို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင်ပြဿနာရဲ့ သဘောအရလည်း မိမိမှာအပြစ်မရှိကြောင်းပြဖို့ တစ်ဘက်ကိုအပြစ်ဖို့တဲ့ အနေအထားဖြစ်နေပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေက ဘယ်ကနေဘယ်သူစခဲ့တယ်ဆိုတာ နိုင်ငံတကာအင်အားစုတွေက သိတယ်လို့ ရဲဘော်ဆလိုင်းယောအောင်က တုံ့ပြန်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ PDF အဖွဲ့နဲ့ တချို့ EAO အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ တည်ငြိမ်ရေးနဲ့ဒေသဖွံ့ဖြိုးရေးတို့ကို ထိခိုက်စေတဲ့အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနစ်နာစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးလို့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာစေသလို မိမိတို့အနေနဲ့ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ ကောင်စီအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့တာပါ။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုအေးမင်းထွန်းကလည်း မြေပြင်အခြေအနေကိုကြည့်ရင် ပြည်သူအားလုံး အသိဆုံးဖြစ်တာကြောင့် အာဏာမသိမ်းခဲ့ရင် တိုင်းပြည်လည်း အဘက်ဘက်က ပျက်စီးစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

“လက်ရှိမြေပြင်အခြေအနေကိုလည်း ပြည်သူအားလုံးက အသိဆုံးပဲလေ။ ရွာတွေမီးရှို့တာ ဘယ်သူလဲ စစ်ကောင်စီပဲ။ ပြီးတော့မြို့တွေမီးရှို့နေတာ ဘယ်သူလဲ။ စစ်ကောင်စီကပဲ ရှို့နေတာပဲ။ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ခိုးယူတယ်။ ရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်တယ်။ ပြည်သူတွေသေတယ်။ ဒဏ်ရာရတယ်။ အိမ်တွေပျက်စီးတယ်။ ဒါတွေအားလုံးက သူတို့ပဲလုပ်နေတာလေ။ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှ လုပ်နေတာမဟုတ်ဘူး။ အချုပ်ပြောရရင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက သူတို့ရဲ့ကိုယ်ကျိုးအတွက် အာဏာမသိမ်းခဲ့ဘူးဆိုရင် တိုင်းပြည်အခြေအနေကလည်း အဘက်ဘက်ကနေ ပျက်စီးစရာအကြောင်းမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ PDF တွေ အခြားတော်လှန်ရေးအဖွဲ့တွေလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူး”လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍပေါင်းစုံတွေမှာ ချွတ်ခြုံကျပျက်စီးယိုးယွင်းလာနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်မှုကလည်း အခြေခံလူတန်းစားတွေအပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုဖြစ်နေတာပါ။

ဒါ့အပြင် ကိုဗစ်ကပ်ရောဂါ နောက်ဆက်တွဲဂယက်နဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုပြဿနာကလည်း ထပ်တိုးလာခဲ့ပြီး ပြည်ပနိုင်ငံတွေမှာ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ကြသူတွေလည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင် တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်း ပေါ်ပေါက်လာပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဆင်နွှဲနေတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း စစ်တပ်လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အဆောက်အအုံပေါင်း ၈၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.