ရန်ကုန်၊ သြဂုတ်(၉)
နိုင်ငံ့အာဏာကို အဓမ္မရယူပြီးနောက် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ စစ်တပ်ရဲ့အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုဝင်တွေအပေါ် မင်းမဲ့တိုင်းပြည်ပမာ ဥပဒေမဲ့ပြုကျင့်နေတယ်လို့ AAPP က ဩဂုတ် ၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းယူချိန်ကစပြီး ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝအတွေ့အကြုံတွေကို “မင်းမဲ့တိုင်းပြည်”ဆိုတဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားတာပါ။
အစီရင်ခံစာကိုတော့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အင်းစိန်အကျဉ်းထောင်အပါအဝင် မြစ်ကြီးနား၊ မြိတ်၊ ဘားအံ၊ တောင်ငူ၊ သရက်နဲ့ သာယာဝတီစတဲ့ ကွဲပြားတဲ့ထောင်တွေကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ဦး၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ လုံခြုံရေးအရ တိုင်းပြည်ကနေ စွန့်ခွာလာကြသူတွေကိုမေးမြန်းပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
AAPP ရဲ့ အစီရင်ခံစာအရ ဝရမ်းမပါဘဲ ဥပဒေမဲ့မတရားဖမ်းဆီးတာနဲ့ သတင်းအစအနပျောက် အဆက်အသွယ်လုံးဝမရရှိဘဲ ထိန်းသိမ်းထားတဲ့ ကနဦးအချိန်တွေအတွင်း ဖမ်းဆီးခံရသူတွေအားလုံး စစ်ကြောရေးကို ဖြတ်သန်းကြရတာပါ။
စစ်ကြောရေးအတွင်း ကွဲပြားခြားနားတဲ့ ညှဉ်းပန်းနှိပ်စက်မှု ပုံစံအမျိုးမျိုးတို့ကို တွေ့ကြုံခံစားကြရပြီး အများစုက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလို့ AAPP က ဆိုပါတယ်။
တရားရုံးလုပ်ငန်းစဉ်အတွင်း မိသားစုဝင်တွေကို ထောင်တွင်းဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်မပြုဘူးလို့ AAPP ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
အကျဉ်းထောင်တွင်းမှာလည်း အစားအစာရေစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာ၊ အကျဉ်းထောင်တွင်း ဆန္ဒပြပွဲတွေ၊ အတင်းအကျပ် လုပ်အားစေခိုင်းတာတွေ၊ ဝေးလံတဲ့ဒေသရှိ အကျဉ်းထောင်ပြောင်းရွှေ့တာနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေလည်း ရှိနေတာပါ။
ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒေသအာဏာပိုင်တွေက အမြဲတစေစောင့်ကြည့်နေတဲ့အတွက် ပြန်လည်ဖမ်းဆီးခံရမှာကိုလည်း ကြောက်ရွံ့နေကြရပါတယ်။
အကျိုးဆက်အနေနဲ့ အများစုမှာ နိုင်ငံပြင်ပကို ထွက်ပြေးဖို့ ဖိအားပေးခံရပြီး ရွေ့ပြောင်းနေထိုင်ခြင်း နောက်ဆက်တွဲစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြရတာဖြစ်ပြီး မိသားစုဝင်တွေအပေါ် ဆက်စပ်ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ AAPP ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဖမ်းဆီးခံရချိန်နဲ့ ထိန်းသိမ်းခံရချိန်အတွင်း ချိုးဖောက်ခံရသူ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေထံ မတရားငွေညှစ်တာအပြင် မိသားစုဝင်တွေအပေါ် ရိုက်နှက်ထိခိုက်မှုတွေလည်း တွေ့ ကြုံခဲ့ကြရတယ်လို့ AAPP က မေးမြန်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောဆိုကြပါတယ်။
လက်ရှိမှာတော့ စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၈၀၀ ကျော် သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၄၂၀၀ ကျော်ရှိတဲ့ထဲက ၁၉၇၀၀ ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- AAPP