ညောင်လေးပင်၊ သြဂုတ်(၆)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ဒီနောက်ပိုင်းကာလတွေအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဝါးဆုံး ကျူးလွန်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကရင်အမျိူးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားကာ ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

KUN ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးတာအပြင် မတရားဖမ်း ဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုအပါအဝင် တစ်လလျှင်အနည်းဆုံး လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၃၀၀ ထက်မနည်း ကျုးလွန်နေတာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ တပ်မဟာ (၂) ၊တပ်မဟာ(၃) ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုမိုကျူးလွန်လာပြီး အထူးသဖြင့် အရပ်သားပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်နဲ့ စပါးကျီ မီးရှို့ဖျက်ဆီးမှုတွေကို ဆက်တိုက်ပြုလုပ်လာတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

“လတ်တလော တပ်မဟာ၂၊ တပ်မဟာ ၃ ဘက်မှာလည်း ထိုးစစ်ဆင်မှုတွေ၊ တိုက်ခိုက်မှု၊ ထိခိုက်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဖြစ်လာတယ်။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု၊ ရွာသားတွေ ဒေသခံပြည်သူလူထုကလည်း ထိခိုက်ဒဏ်ရာရရှိသလို အသက်ဆုံးရှုံးမှုတွေကလည်း ကြုံတွေ့ရတယ်။ တရားလက်လွတ်ဖမ်းဆီးခြင်း ခံစားရတယ်။ နေရာရွှေ့ပြောင်းနေထိုင်မှုတွေ ကြုံတွေ့ရတယ်။ လက်နက်ကိုင်ပဋိပက္ခက တပ်မဟာ၁၊ တပ်မဟာ၅ ၊တပ်မဟာ၆လို သူတို့ရဲ့ အခြေအနေကလည်း အဲဒီလိုမျိုးရှိလာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ၊ ရွာသူ ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေ၊ အထူးသဖြင့် အိမ်တွေမီးရှို့ဖျက်ဆီးတာမျိုးတွေပေါ့။ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ ဘာသာရေးအဆောက်အအုံ စတာတွေကို လေကြောင်းလက်နက် ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမျိုးတွေ ဆက်လက်ရှိနေသလိုပဲ တရားလက်လွတ်ဖမ်းဆီးမှု၊ လုယူမှုတွေကလည်း ဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် KNU အုပ်ချုပ်နယ်မြေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ခန့်မှန်းခြေအရ ၆ သိန်းကျော်အထိ ရှိလာပြီး စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာ၊ စားနပ် ရိက္ခာနဲ့ အခြေခံဆေးဝါးတွေကအစ အကူအညီလိုအပ်မှု မြင့်တက်လာတာပါ။

KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးကတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ စစ်ရှောင်ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ ကလေးသက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ ပိုမိုခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလိုမိုးတွင်းကာလမှာဆိုရင်တော့ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေအတွက် ပိုပြီးတော့မှ စိန်ခေါ်မှုတွေရှိတယ်။ အထူးသဖြင့်ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုပြီးတော့မှ လိုအပ်တယ်။ အဖက်ဖက်ကနေ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ်။ ထိခိုက်နစ်နာတဲ့ လူ့အခွင့်အ ရေးချိုးဖောက်ခံရတဲ့ ပြည်သူလူထုတွေအတွက်လည်း တရားမျှတမှု ရရှိလာအောင် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိလာအောင် ဒီထက်ပိုပြီးတော့ အင် တိုက်အားတိုက်၊ ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း KNU တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေထဲမှာ စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ကျုးလွန်ထားပါတယ်။

ဒ့ါအပြင် KNU တပ်မဟာ(၃)ညောင်လေးပင်ခရိုင်အတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိနေပြီး အဆောက်အဦးအိုးအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးရသလို ကျေးရွာပေါင်းအများအပြားက ဒေသခံပြည်သူသောင်းချီဟာလည်း စစ်ဘေးရှောင်နေရတာပါ။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ပေးကြဖို့ KNU က ပြီးခဲ့တဲ့ မေလမှာ ထပ်မံတောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG/KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.