မလိယန်၊ သြဂုတ်(၆)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာအနီးကို စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်မ်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ မန္တလေး တံတားဦးလေဆိပ်ကနေ တက်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ်နှစ်စင်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ရှေ့တန်းစခန်းတည်ရှိတဲ့ မလိယန်ရွာအနီးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIO တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မြစ်ကြီးနား-ဝိုင်းမော်ဘက်ကို လျှပ်စစ်မီးသွယ်တန်းပေးနေတဲ့ မလိယန်ရေအားလျှပ်စစ်ရဲ့ မီးကြိုးနဲ့တာဝါတိုင်တွေ ထိခိုက်တာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့နဲ့ ၂၇ ရက်နေ့ ညပိုင်းမှာလည်း နမ်ဆန်ယန်အနီးရှိ ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးနဲ့ ကက်သလစ်ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောက်အအုံပျက်စီးပြီး နွားလေးကောင် သေဆုံးခဲ့ရတာပါ။
လက်ရှိမှာလည်း မြစ်ကြီးနား – ဗန်းမော် ကားလမ်းတလျှောက် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေရှိနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လှုပ်ရှားတာနဲ့ တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။
မြစ်ကြီးနား- ဗန်းမော် ကားလမ်းတစ်လျှောက် နှစ်ဖက်တပ်ဖွဲ့တွေ ပိတ်ထားဆဲဖြစ်တာကြောင့် ခရီးသွားပြည်သူတွေ အတတ်နိုင်ဆုံးရှောင်ရှားဖို့ လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးက ပြီးခဲ့တဲ့ဇူလိုင် ၄ ရက်နေ့ကတည်းက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက မြစ်ကြီးနား – ဗန်းမော်လမ်းမတလျှောက် စစ်ကောင်စီနဲ့ KIA တို့ကြား နှစ်ဘက်စစ်ရေးတင်းမာမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။
အဲဒီကစပြီး ဇူလိုင်နှောင်းပိုင်းအတွင်း မြစ်ကြီးနား – ဗန်းမော်ကားလမ်းရှိ နေရာသုံးခုမှာ စစ်ကြောင်းလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့ သုံးကြိမ်ထက်မနည်း မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-The Kachin Net