ဘီးလင်း၊ သြဂုတ်(၆)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် အခြေခံစားသောက်ကုန်တွေနဲ့ သောက်သုံးရေအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းကစပြီး ဘီးလင်းမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာပြီးနောက် မြို့နယ်တဝှမ်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက် ၅ ခုအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်မှာ ရေနစ်မြှုပ်နေပြီး ရေဘေးသင့်ပြည်သူသောင်းနဲ့ချီ အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဘီးလင်းမြို့ပေါ် အမြင့်ပိုင်းရပ်ကွက်တွေရှိ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်း ၂၄ခု ဖွင့်လှစ်ထားရတာပါ။

ရေဘေးသင့်ပြည်သူတွေ များလာပေမယ့် လာရောက်ကူညီလှူဒါန်းသူ နည်းပါးနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေအတွက် လိုအပ်ချက်မြင့်မားလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

“ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက်တွေက နည်းနည်းအဆင်ပြေသေးတယ်။ တချို့ရွာတွေက အဆင်မပြေပါဘူး။ သူတို့လည်း သူတို့နီးစပ်ရာတွေကို ရွှေ့တယ်။ ရွာဘက်ကရေမြုပ်တာပိုများတယ်။ ရွာဘက်တွေက သူတို့ဆီသွားဖို့လာဖို့က မလွယ်ကူဘူး။ စားစရာတွေနဲ့ သောက်သုံးရေအများကြီးလိုအပ်တာပေါ့ဗျာ” လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ကျေးရွာတွေဖြစ်တဲ့ ဘီးလင်းမြို့ နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေမှာ အဆိုးဝါးဆုံးဖြစ်ပေါ်နေပြီး ရွာလုံးကျွတ်ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားနေရတာပါ။

ဒါပေမဲ့ ဘီးလင်းရေဘေးကိုတော့ စစ်ကောင်စီဘက်က ကူညီဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးနေတဲ့အတွက် ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ အချင်းချင်းအပြန်အလှန် ကူညီနေရပါတယ်။

ဘီးလင်းရေဘေးကို စစ်ကောင်စီခန့် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က လာရောက်တာမရှိသလို လူကယ်ပြန်ဌာနကလည်း လက်ရှိအချိန်အထိ အကူအညီလာပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ် ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်း ရေကျော်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ကုန်တင်ကားနှစ်စီး လမ်းချော်တိမ်းမှောက်ပြီး ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းဟာ သြဂုတ် ၅ ရက်နေ့ နေ့လည် ၁၂ နာရီကစပြီး မော်တော်ယာဉ်တွေ ပြန်လည်သွားလာလို့ရပြီလို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ မွန်ပြည်နယ်က ဘီးလင်းမြစ်၊ ကချင်ပြည်နယ် နန့်ယင်းမြစ်၊ ကရင်ပြည်နယ်သောင်းရင်းမြစ်နဲ့ သံလွင်မြစ်တို့ဟာ စိုးရိမ်ရေမှတ်ထက် ဆက်လက်ကျော်လွန်နေတယ်လို့ သြဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.