မော်လမြိုင် – ဩဂုတ်(၆)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ အရပ်သားပြည်သူ့အစိုးရရဲ့ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာကာ ပြည်ပရန်ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်မယ့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ထောင်သွားမယ်လို့ဒီနေ့ဩဂုတ်လ(၆) ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က နွေဦးတော်လှန်ရေးမှာ အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဘုံရပ် တည်ချက်သဘောထား ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေအတွင်းသာမက လူထုလူတန်းစားအလွှာ အသီးသီးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ်ခေတ်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေနဲ့ စပ်လျဉ်းပြီး အမှန်တရားပေါ်ပေါက်စေဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒ
ါ့အပြင် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့၊တရားမျှတမှု ရရှိစေဖို့၊ ထပ်မံကျူးလွန်ခံရမှုတွေ မရှိစေဖို့အတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု(Transitional Justice) လုပ်ငန်းစဉ်တွေကို မဖြစ်မနေ ဦးစားပေးချမှတ်အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လက်ခံယုံကြည်သဘောတူပြီး မျှော်ရည်ပိုင်းဖြတ်ထားတဲ့ ခေတ်သစ်၊စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အန္တိရည်မှန်းချက်ပန်းတိုင်ဟာ အသွင်သဏ္ဍာန်သာမက အနှစ်သာရ ပါ ပြည်စုံခိုင်မာပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ် ပဋိညာဉ်(Federal Democracy Charter) အစိတ်အပိုင်း(၁)ပါ ပြည်ထောင်စု မျှော်မှန်းချက် နဲ့ စံတန်ဖိုး၊လမ်းညွှန်အခြေခံမှု၊ အခြေခံမူဝါဒတွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG