မော်လမြိုင်၊ သြဂုတ်(၆)

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနဲ့တရုတ် တရားမဝင်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ နီးပါးထိ တိုးလာပြီး ကာလတူနှိုင်းယှဉ်ပါက တရားမဝင်ကုန်သွယ်မှု နှစ်ဆမြင့်တက်လာတယ်လို့ သုတေသနအဖွဲ့ ဖြစ်တဲ့ ISP-Myanmar သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စစ်ကောင်စီရဲ့ စာရင်းအရ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ ဒေါ် လာ ၉ ဘီလီယံကျော် ရှိတယ်လို့ ထုတ်ပြန်ထားပြီး တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဘီလီယံကျော် ရှိတယ်လို့ ဖော်ပြပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ နီးပါးထိ ကွာဟချက်တွေရှိသလို လအလိုက်ကုန်သွယ်မှုပမာဏတွေမှာလည်း လစဉ်အမေရိကန် ဒေါ်လာ ၁ ဘီလီယံကနေ ၂ ဘီလီယံအထိ ကွာဟချက်တွေရှိတယ်လို့ ISP-Myanmar က ဆိုပါတယ်။

စစ်ကောင်စီလက်ထက် မြန်မာ-တရုတ် တရားမဝင်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး ကွာဟချက်အနေနဲ့ ၂ ဆ နီးပါး တိုးလာတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် တရုတ်နဲ့ မြန်မာအကြား ကုန်သွယ်မှုကိန်းဂဏန်းကွာဟချက် ကြီးမားလာတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နှစ်နိုင်ငံအကြား တရားမဝင်ကုန်သွယ်မှုတွေ များပြားလာတာကိုပြနေတာလို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေးရှိတဲ့ အိမ်နီးချင်းလေးနိုင်ငံထဲမှာ ထိုင်းနိုင်ငံကလွဲလို့ ကျန်သုံးနိုင်ငံမှာ ကုန်သွယ်ရေးကျဆင်းနေပြီး နိုင်ငံအလိုက်ကုန်သွယ်မှုမှာတော့ တရုတ်ကအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.