သထုံ၊ သြဂုတ်(၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၁၄ ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေမှာ ဖော်ပြပါတယ်။

PDF ၁၄ ဦးဟာ လက်နက်ကြီး RPG ၁ လက်၊ ခွင်းကျည် ၁ တောင့်၊ တင့်ဖျက်ကျည် ၁ တောင့်၊ အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတိုသေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ PDF ၁၄ ဦးကို သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဝါဒဖြန့်တာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက KNU သထုံခရိုင်ကနေ ဘယ် PDF တစ်ဦးမှ အလင်းဝင်တာမရှိသလို အခုဖြစ်စဉ်ဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဖော်ပြထားတဲ့ PDF ၁၄ ဦး အလင်းဝင်တယ်ဆိုတဲ့ ပုံအနေအထားအရ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထားသူတွေကို ပုံရိုက်ပြီးဝါဒဖြန့်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း စစ်ကောင်စီအရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရေးမြို့နယ်ရှိ PDF ၂ ဦး အလင်းဝင်လာတဲ့အတွက် မိဘတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.